နိမိတ်ပြခြင်းလား၊ တိုက်ဆိုင်ခြင်းလား
၂၀၂၃ ဇန်နဝါရီ (၂၂)ရက်နေ့မှာ အလုပ်ကိစ္စအတွက် ကျွန်တော်တို့တစ်စု ကားနဲ့ ခရီးသွားကြတယ်။ ကျွန်တော်က ကားမူးတတ်တာကြောင့် ရှေ့ခန်းမှာ မစီးဘဲ ကားနောက်ခွက် ဘောင်ပေါ်မှာ ထိုင်လိုက်လာတယ်။ လမ်းတလျှောက် ကျောက်ခဲတွေ၊ ချိုင့်ခွက်တွေရှိတော့ ကားက ကဆုန်ပေါက်သလို ဖြစ်နေတယ်။ တစ်ကြိမ်တစ်ခါမက လူပါမြောက်သွားတာလည်း ရှိသည်။ သတိထားပြီးတော့ပဲ စီးလိုက်လာတယ်။ ကားနောက်ခွက်ထဲမှာလည်း အစားသောက်ပစ္စည်းတွေ၊ တခြားပစ္စည်းတွေရယ်နဲ့ဆိုတော့ အောက်ဆင်းထိုင်လို့လည်း အဆင်မပြေပြန်ဘူး။
(၄၅)မိနစ်အကြာလောက်မှာ ကတ္တရာလမ်းပေါ် ရောက်ပြီဆိုတော့ စီးရတာ အဆင်ပြေသည်။ လေဖြူးဖြူးလေး တိုက်နေသည်။ ကားအရှိန်လေးနဲ့ဆိုတော့ ကျွန်တော်ဆောင်းထားတဲ့ ဦးထုပ် လွင့်ကသွားတယ်။ အချိန်နောက်ကျမှာစိုးတာကြောင့် ပြန်ကောက်ဖို့အတွက် မရပ်ခိုင်းလိုက်တော့ဘူး။ အဲ့ဒီအချိန် ကျွန်တော့်ခေါင်းထဲ အတွေးတွေ ဝင်ရောက်လာတယ်။
ဘာလဲဆိုတော့ ခရီးထွက်မလာခင်တစ်လ ကျော်လောက်က ကျွန်တော့်ရဲ့ အစ်မတစ်ဝမ်းကွဲ ကားပေါ်က ပြုတ်ကျတဲ့အကြောင်း တွေးနေမိတယ်။ ဆေးရုံတင်လိုက်ရသည်။ သတိ ကောင်းပေမယ့် အောက်ပိုင်း လုံးဝမလှုပ်ရှားနိုင်တော့ဘူး(သုံးလကျော်တော့ အစ်မ ဆုံးပါးသွားခဲ့တယ်)။
''ငါရော ကားပေါ်က ပြုတ်ကျသွားရင် ဘယ်လိုဖြစ်သွားမှာလဲ''
ဆိုတဲ့ အတွေးတွေ ဝင်နေခဲ့တယ်။
''ခရီးသွားတဲ့အချိန် ဘာတွေ တွေးနေမိပါလိမ့်'' ဆိုပြီး ပတ်ဝန်းကျင်ကိုကြည့်ရင်း အာရုံလွှဲလိုက်သည်။
တောင်ဆင်းလမ်းဖြစ်သည့်အတွက် ကားကို ဖြေးဖြေးမှန်မှန်နဲ့ပဲ မောင်းနေသည်။ နှစ်ဆယ်လီတာရှိတဲ့ ရေသန့်ဘူးသည် ဟိုဘက်လိမ့်လိုက်၊ ဒီဘက်လိမ့်လိုက်နဲ့ဆိုတော့ ထိုင်ရတာ အဆင်မပြေလှဘူး။ ဒါနဲ့ ရေဘူးကို ငြိမ်သွားအောင် ခြေထောက်နဲ့ထိန်းထားလိုက်တယ်။
လမ်းအကွေ့အကောက်လေးတွေ များလာသည်။ လက်ယာရစ်နှစ်ဆစ်ချိုးဆိုတဲ့ စာကို ကျွန်တော်ဖတ်လိုက်သည်။ ဒုတိယအချိုးကွေ့အကျော် ကားနောက်ဘီးသည် ကွန်ကရစ်အပိုင်းစကို နင်းမိပြီး နောက်ဘက်ပိုင်း မြောက်သွားခဲ့တယ်။ တချိန်တည်းမှာပဲ ကျွန်တော်လည်း ဟန်ချက်ပျက်ကာ နောက်လန်ကျသွားသည်။ ခန္ဓာကိုယ်မှာ ပစ္စည်းအစုံအလင်နဲ့။ ဦးခေါင်းက တောင်စောင်းဘက်ရောက်နေပြီ(အတူပါလာတဲ့သူတွေ ပြောပြလို့ သိရသည်။) အနည်းငယ်ထပ်လွင့်သွားတာနဲ့ ကမ်းပါးယံအတိုင်း ပြုတ်ကျနိုင်သည်။ ကျွန်တော်နဲ့အတူထိုင်တဲ့သူတွေက အော်ပြီး ကားကိုရပ်ခိုင်းလိုက်ပါသည်။ ကားမောင်းသူကလည်း ပြုတ်ကျတာကို နောက်ကြည့်မှန်ကနေ မြင်လိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လူပြုတ်ကျတာလား၊ အထုပ်လားဆိုတာ မသဲကွဲလိုက်ဘူးတဲ့။ "လီလီ" ပြုတ်ကျနေခဲ့ပြီဆိုပြီး သူတို့တွေ ကျွန်တော့်ဆီ ပြေးလာခဲ့ကြတယ်။
သူတို့တွေ ရောက်မလာခင် ကြိုးစားပြီး ဘေးစောင်းကြည့်သည်။ နာကျင်မှုကြောင့် မလှုပ်ရှားနိုင်။ အသက်ရှူကြပ်ပြီး ညည်းပဲ ညည်းနေခဲ့သည်။ ဖင်ထိုင်လျက် ဒဲ့ပြုတ်ကျရင် ခါးရိုးကျိုးသွားနိုင်သလို ဦးခေါင်းနဲ့ ကျသွားရင်လည်း သက်သာလိမ့်မည် မဟုတ်။ ဘေးတစောင်း တင်ပါးဆုံအတိုင်းပြုတ်ကျတာ တော်သေးသည် ပြောရမလား။ သူတို့ရောက်လာတော့ ပစ္စည်းတွေဖယ်၊ လွယ်အိတ်ချွတ်၊ အပေါ်အင်္ကျီချွတ်ပြီး ယပ်ခပ်ပေးကြတယ်။ နာလွန်းတာကြောင့် မျက်လုံးမဖွင့်ပဲမှိန်းနေခဲ့သည်။ ကျွန်တော့်ကို ထူပေးပြီး တွဲလျှောက်နိုင်လား မေးပါသည်။ လမ်းမလျှောက်နိုင်ကြောင်း၊ ခါးအရမ်းနာကြောင်း သူတို့ကို ပြောပြသည်။
ကျွန်တော့်ကို ပွေ့ချီပြီး ကားခေါင်းခန်းထဲမှာ ထားပေးသည်။ ခေါင်းကမူးနောက်နောက်ဖြစ်နေတော့ ကားတံခါးကနေ အပြင်ဘက်ကို ပျို့အန်တယ်။ ဆေးရုံရှိတဲ့ရွာရောက်ဖို့ နှစ်ရွာကျော် လိုသေးသည်။ ဆေးရုံရှိတဲ့ရွာရောက်တော့ သူနာပြုတစ်ယောက်ရဲ့အိမ်ကို အရင်ဝင်လိုက်တယ်။ တနင်္ဂနွေနေ့ဆိုတော့ ဆေးရုံမှာ ဆရာဝန် ရှိမရှိသိရအောင် အိမ်အရင်ဝင်လိုက်တာ ဖြစ်သည်။ ကျွန်တော့်ကို ပွေ့ချီပြီး သယ်သွားတော့ အောက်တောင်မချရသေးဘူး။ ဆရာမက ဘာပြောလဲဆိုတော့..
"ဒီလောက်အထိ ဖြစ်တာဆို ဆေးရုံပို့မှ ရမှာပေါ့။ ပွန်းပဲ့ရုံလောက်ပဲထင်လို့ ဒီကို ခေါ်လာခိုင်းတာ။ ဒီအခြေနေဆို ခါးရိုးကျိုးပြီလား မသိဘူးတဲ့"
ဒဏ်ရာက နာတာတစ်မျိုး၊ သူပြောတာ ကြား လိုက်လို့ စိတ်ထဲထင့်သွားတာက တမျိုး။ ဒါနဲ့ သူနာပြုဆရာမက ဆရာဝန်တွေ နေတဲ့အိမ်ဆီ ကားကို အရင်မောင်းခိုင်းတယ်။ အဲ့ဒီကမှတဆင့် ဆေးရုံရောက်တော့ ultra sound ရိုက်ရန်အတွက် သယ်သွားတယ်။ ဆရာဝန်က ကျွန်တော့်ကို ခြေ၊ လက်တွေ လှုပ်ကြည့်ခိုင်းသည်။ အနည်းငယ်လှုပ်ရှားနိုင်သည်။ အိမ်ထောင်ရှိလားဆိုပြီး ဆရာဝန်က ကျွန်တော့်ကို မေးပါသည်။ အိမ်ထောင်မရှိဘူးလို့ပြောလိုက်တော့
"ဟာ ဒီလိုဆို ခါးမကောင်းရင် မိန်းမယူလို့ရမှာ မဟုတ်ဘူးနော်" လို့
စနောက်လိုက်တော့ နာကျင်မှုကြားက ကျွန်တော် ပြုံးလိုက်မိပါသည်။ ဒဏ်ရာသက်သာလာသည်အထိ ဆရာဝန်တွေလည်း ဂရုတစိုက်နဲ့ ကုသပေးကြပါတယ်။ အတူလိုက်ခဲ့တဲ့အထဲက တစ်ယောက်သည် လူနာစောင့်အနေနဲ့ ရှိနေပေးခဲ့ပြီး လိုအပ်တာတွေ ကူညီပေးပါတယ်။ နောက်ရက်မှာ ကျန်တဲ့သူတွေ ခရီးဆက်ထွက်ကြတယ်။
အဲ့ဒီရွာရဲ့ နယ်ခံတစ်ယောက်ဟာ ကျွန်တော်တို့အတူလာကြတဲ့သူ တစ်ချို့နဲ့ သိကြ ခင်ကြတယ်။ ဆိုတော့ ကျွန်တော်ဆေးရုံတက်နေစဥ်မှာ သူ့ရဲ့အမေကပဲ ထမင်းဟင်း ချက်ပြုတ်စီစဥ်ပေးခဲ့ပါတယ်။
နှစ်ပတ်လောက်အကြာမှာ ဒဏ်ရာကို ဓာတ်မှန်ရိုက်ကြည့်တယ်။ ကံအားလျော်စွာ အရိုးတော့မထိ။ အသားကျေသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ တစ်လကျော်အနားယူစဉ်မှာ ကျွန်တော့်ရဲ့ ဝေယျာဝေစ္စတွေကို အတူနေတဲ့ သူငယ်ချင်းက ကူညီပေးခဲ့တယ်။ မိသားစုရဲ့အဝေးမှာ ရှိနေချိန် အိမ်ကို အရမ်းလွမ်းခဲ့ရတဲ့ နေ့ရက်တွေပါပဲ။
ကျွန်တော်တို့ မောင်နှမနှစ်ယောက် ကားပေါ်ကပြုတ်ကျတာ တစ်လကျော်လောက်ပဲ ကွာပါလိမ့်မည်။
လီလီ။