ဟင်းနုနွယ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်အပါဝင် သူငယ်ချင်း သုံးယောက် အသိမိတ်ဆွေရှိတဲ့ ရွာတစ်ရွာသို့ ခရီးသွားခဲ့ကြသည်။ အဲ့ဒီနေ့က မိုးရွာနေခဲ့တယ်။ အသိဆိုသူကို ကျွန်တော်တို့တွေက ချစ်စနိုးနဲ့ ''ကိုချက်ကြီး''လို့ ခေါ်ကြသည်။
ကျွန်တော်တို့ကို ဆိုင်ကယ်နဲ့ လာကြိုပေးခဲ့တယ်။ ကျွန်တော်တို့သည် ရွာထဲမှာထက် လွတ်လပ်တဲ့နေရာလေးကို တည်းရတာ ပိုသဘောကျကြသည်။ ဆိုတော့ ကိုချက်ကြီးသည် သူ့ဦးလေးရှိတဲ့ လယ်စောင့်တဲကလေးဆီ ကျွန်တော်တို့ကို ခေါ်သွားခဲ့သည်။
မိုးဖွဲဖွဲလေးကျနေသည်။ ဆိုင်ကယ်လမ်းမပေါက်။ လယ်ကွင်းတွေကို ဖြတ်ပြီး ကုန်းကြောင်းလျှောက်ကြရသည်။ အဝေးကနေကြည့်လိုက်ရင် လယ်စောင့်တဲကလေးကိုမမြင်ရ။ သစ်ပင်တွေနဲ့ ကွယ်နေသည်။ ဘေးပတ်ပတ်လည်မှာတော့ စိမ်းစိုနေတဲ့စပါးခင်းတွေ ရှိနေသည်။ တဲကလေးဆီမရောက်ခင် အဝင်ဝမှာ ရေချောင်းကို ဖြတ်ပြီးဆောက်ထားတဲ့ တံတားအသေးလေးရှိတယ်။ စပါးခင်းတွေရဲ့ အလယ်မှာ သစ်ပင်အုပ်အုပ်လေးနဲ့ လယ်စောင့်တဲတစ်လုံးကို မြင်လိုက်ရတာ တကယ်ကို သာယာကြည်နူးစရာလေးပါပဲ။
ကိုချက်ကြီးရဲ့ ဦးလေးသည် အသက်ရွယ်အားဖြင့် (၇၀)ဝန်းကျင် ရှိမည်။ ခါးကိုင်းနေပြီ။ အကြားအာရုံနဲ့ အမြင်အာရုံကတော့ တော်တော်လေး ကောင်းသည်။ တစ်ဦးတည်း နေသည်။ တကုပ်ကုပ်နဲ့ အလုပ် လုပ်နိုင်သေးသည်။ ကိုချက်ကြီးသည် သူ့ဦးလေးနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးပါသည်။ အားမနာပဲ ရှိတာချက်စားဖို့ အဖိုးက ကျွန်တော်တို့ကို ပြောသည်။ လိုအပ်တဲ့ အစားသောက်ကို နောက်နေ့ လာပို့ပေးမယ်ပြောပြီး ကိုချက်ကြီး ရွာထဲ ပြန်သွားခဲ့သည်။ ကျွန်တော်တို့မှာလည်း စားစရာ ဘာမှပါမသွားခဲ့။
အဖိုးသည် အသားငါးမစား သက်သက်လွတ်သာစားသည်။ ဆန်အနည်းငယ်ရှိသည်။ ဘူးထဲမှာ ဆီလက်နှစ်လုံးလောက်ရှိသည်။ ကြက်သွန်အနီ လေးငါးလုံးလောက်ရှိမည်။ ဆား၊ အချိုမှုန့်၊ ဆနွင်းအနည်းငယ်ရှိသည်။ တခြားဘာမှ မရှိ။ သွားခဲ့ကြတဲ့ သုံးယောက်ထဲမှာ ကျွန်တော်က ထမင်းဟင်း အနည်းငယ်ချက်တတ်သည်။ သူငယ်ချင်းနှစ်ယောက်က ရန်ကုန်သားတွေ ဖြစ်ကြသည်။
ကျွန်တော်က အညာသားဆိုတော့ တောင်သူလုပ်ငန်းနဲ့ ရင်နှီးသည်။ သီးပင်စားပင်လေးတွေနဲ့ သိပ်မစိမ်းလှ။ အစောပိုင်းက တဲပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ စိုက်ခင်းလေးကိုတွေ့သည်။ ဟင်းနုနွယ်ပင်ရှိတာလည်း တွေ့ထားသည်။
ကျွန်တော် - ''ထမင်းကြော်ပြီး ဟင်းနုနွယ်ရွက်ကြော်လေးနဲ့ စားကြမယ်'' လို့ သူငယ်ချင်းနှစ်ယောက်ကို ပြောလိုက်သည်။
သူတို့ကလည်း သဘောတူကြသည်။
ဒါနဲ့ ကျွန်တော်လည်း ဟင်းနုနွယ်ရွက် သွားခူးပြီး ရေဆေးသန့်စင်လိုက်သည်။ ထမင်းကြော်ပြီးတာနဲ့ ဟင်းနုနွယ်ကြော်သည်။ အရွက်နွမ်းသွားချိန်တွင် ခပ်ပြီး ကျွန်တော်မြည်းကြည့်လိုက်သည်။ ဘာမှမပြောဘဲ ကျွန်တော့်ဘေးနာက သူငယ်ချင်းကို...
ကျွန်တော် - ''ဘူလေးရေ ရွက်ကြော်လေး အပေါ့ငန် မြည်းကြည့်ပါအုံး'' ဆိုတော့ ခပ်ပြီး မြည်းလိုက်သည်။
ဘူလေး - ''ဟာ...လီလီ ရွက်ကြော်ကလည်း ခါးလိုက်တာ'' ဆိုပြီး ပြောသည်။
ကျွန်တော် - ''ဟုတ်တယ်၊ ငါမြည်းကြည့်တော့ ခါးတာနဲ့ မင်းကို မြည်းခိုင်းတာ''
နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ တီတီ့ ကိုတော့ မမြည်းခိုင်းလိုက်ရဘူး။
ကျွန်တော် - ''အဖိုး ဟင်းနုနွယ်ရွက်က ဘာလို့ခါးတာလဲ'' မေးတော့
အဖိုး - ''ဟင်းနုနွယ်ရွက်က မခါးပါဘူး။ သား မင်းတော့ ဗောက်ရွက်နဲ့ မှားခူးလာပြီ ထင်တယ်'' လို့ ပြောသည်။
ကျွန်တော် ဟင်းနုနွယ်ရွက်ပဲ ခူးခဲ့တယ်ပြောတာပေါ့လေ။ အဖိုးက ဟင်းနုနွယ်အပင်ကို လိုက်ပြခိုင်းသည်။ ကျွန်တော်လည်း ခူးခဲ့တဲ့အပင်ကို ပြလိုက်သည်။
အဖိုး - ''ဟုတ်တာပေါ့ သားခူးခဲ့တာ ဗောက်ရွက်တွေ''
အဖိုးမပြောခဲ့ရင် ဗောက်ရွက်ကို ဟင်းနုနွယ်ရွက်အထင်နဲ့ စားကြအုံးမည်သာ။
ဟင်းနုနွယ်ရွက် ထပ်ကြော်မယ်ဆိုတော့ ဆီ မရှိတော့ဘူး။
ဒါနဲ့ သုံးယောက်သား ညစာအတွက်ထမင်းကြော်နဲ့ ကျန်နေတဲ့ ကြက်သွန်နီကို ကိုက်ပြီး စားလိုက်ကြရသည်။
ကိုချက်ကြီးနဲ့ အဖိုးအား အမှတ်ရသောအားဖြင့်...
လီလီ။