မစားဖြစ်လိုက်သော အမဲသားကင် (သို့) ဟိုတယ်မှာ တစ်ညတာ တည်းခိုခြင်း

အချိန်ကား တိုင်းပြည် coup လုပ်ခံရပြီး (၅)လဝန်းကျင် အကြာ။ 'Minty'ရယ်၊ ကျွန်တော်ရယ် ခရီးတစ်ခုကနေ ရန်ကုန်ကို ပြန်လာကြတယ်။ 'Shaw'လည်းပဲ ခရီးတစ်ခုကနေ ပြန်ရောက်လာတယ်။ ပြန်မလာခင် သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပြီး သူ့ဆီမှာ (၃)ညလောက် တည်းဖို့ ပြောထားလိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်က နေ့ပိုင်းလောက် ရောက်တယ်။ 'Shaw'က ညနေလောက်မှ ရောက်လာခဲ့တယ်။

မတွေ့ဖြစ်ကြတဲ့နောက်ပိုင်း အချိန်တွေအကြောင်း စကားတွေ ပြောကြတယ်။ သူငယ်ချင်းကလည်း အစားသောက်အတွက် အဆင်ပြေအောင် စီစဥ်ချက်ပြုတ်ပေးတယ်။ တိုက်ခန်းမှာနေတဲ့ နောက်တစ်ယောက် ရှိပါသေးတယ်။ သူနဲ့ စကားပြောဖူးကြပေမယ့် သိပ်တော့ ရင်းရင်းနှီးနှီး မရှိကြ။ ကျွန်တော်တို့နဲ့ဆိုတော့ တိုက်ခန်းမှာ (၅)ယောက် နေကြတယ်။ ကျွန်တော်တို့ သုံးယောက်လည်း အပြင်သိပ်မထွက်ဖြစ်ကြပါဘူး။

ဒီလိုနဲ့ (၃)ညမြောက် ရောက်လာခဲ့ပါတယ်။ 'Shaw' က အမဲသားကင် လုပ်ကျွေးဖို့ ပြင်ဆင်ရင်း ကျွန်တော်တို့ (၄)ယောက် မီးဖိုခန်းဘက်မှာ စကားပြောနေကြတယ်။ (သူ)နောက်တစ်ယောက် အပြင်ကနေ ပြန်ရောက်လာတယ်။ ဟိုလူတွေ သံပုံးတီးတဲ့အိမ်တွေကို လေးခွနဲ့ လိုက်ပစ်နေကြောင်း ပြောပါတယ်။ ကျွန်တော်တို့လည်း မသိကြောင်း၊ မကြားမိကြောင်း ပြောရင်း အပြင်ဘက်ဆီ တိုက်ခန်းအပေါ်ကနေ လှမ်းကြည့်ကြတယ်။ ဟိုလူတွေကိုတော့ မတွေ့လိုက်တော့ပါ။ မသိရကောင်းလားဆိုပြီး အပြစ်ဆိုလာတယ်။ သူက ကျောပိုးအိတ်တွေကို သယ်သွားပြီး အပေါ်ထပ် နောက်ဖေးရေစင်ဘက်မှာ ထားလိုက်တယ်။ သော့ခတ်လိုက်တယ်။ ဧည့်စာရင်း လာစစ်နိုင်တာမို့ ကျွန်တော်တို့ သုံးယောက်ကိုလည်း အပေါ်ထပ်မှာ ရှောင်နေဖို့ ပြောတယ်။ အပေါ်ထပ်တက်ပြီး ရှောင်နေလိုက်ပါတယ်။

နောက်ဆုံးတော့ ရှောင်နေရုံနဲ့ မရတော့။ တိုက်ခန်းကထွက်သွားမှ ဖြစ်တော့မည့် အခြေနေဖြစ်လာတယ်။ သူက ဆူဆူညံညံတွေလုပ်တော့ ကျွန်တော်တို့နဲ့ တစ်ယောက်တစ်ခွန်း စကားများကြတယ်။ စကားတွေ လွန်လာတော့ 'Minty'က ဒေါသထွက်ကာ ပန်းအိုးကို ပေါက်ခွဲပစ်လိုက်တယ်။ နောက်ပြီး တိုက်ခန်းတံခါးခတ်ထားတဲ့ သော့တွဲပါ ကြမ်းပြင်ပေါ်ကို ပစ်ပေါက်ချလိုက်တယ်။ တကယ်တော့ 'Minty'က အေးအေးဆေးဆေး စကားပြောတတ်တဲ့သူတစ်ယောက်ပါ။ သူပေါက်ကွဲတာမြင်လိုက်တော့ အံ့သြမိသွားတယ်။ ကျွန်တော်လည်း အောက်ထပ်မီးဖိုခန်းဘက် ဖုန်းယူဖို့ ဆင်းသွားလိုက်တယ်။ သူက မပြောမဆိုနဲ့ ကျွန်တော့်မျက်နှာကိုထိုးချလိုက်တယ်။ 'မင်းကွာ' ဆိုပြီး သူ့ကို ကျွန်တော် ရွယ်လိုက်တယ်။ ပြန်မထိုးလိုက်ဘဲ ကိုယ့်စိတ်ကို ထိန်းချုပ်လိုက်ပါတယ်။ 'Shaw'က နောက်ကကပ်ပါလာပြီး ကျွန်တော့်ကို မီးဖိုခန်းဘက် ခေါ်သွားခဲ့တယ်။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီ။ ကျွန်တော်တို့အခန်းသာ ဆူဆူညံညံ ဖြစ်နေတယ်။ ဟိုလူတွေရှိတဲ့ နေရာနဲ့လည်း သိပ်မဝေးလှပါ။ အသံတွေကြားလို့ ဧည့်စာရင်းလာစစ်တဲ့အခါ အဖမ်းခံနိုင်ရချေ များပါတယ်။ တိုက်ခန်းသော့ခတ်ထားတော့ ထွက်သွားလို့လည်းမရ။ သော့လည်း ရှာမတွေ့။ အတော်ကြာတော့ သော့ရှာတွေ့တာနဲ့ ကျွန်တော်တို့ သုံးယောက် ထွက်သွားလိုက်တယ်။ နောက်နေ့မှ သော့ပြန်ပေးမယ်ဆိုတဲ့ သဘောနဲ့ အပြင်ကခတ်ခဲ့ပြီး သူတို့နှစ်ယောက်ကို ထားခဲ့ကာ သော့ယူသွားခဲ့လိုက်တယ်(အခြေနေကြောင့် ယူသွားရခြင်း ဖြစ်ပါတယ်။)

အောက်ဆုံးထပ်ရောက်တော့ တိုက်ခန်းလုံခြုံရေးဦးလေးနဲ့ တွေ့တယ်။ အကျိုးကြောင်း ပြောပြပြီး အနီးနားတဝိုက်မှာ တည်းခိုစရာနေရာ ရှိ မရှိ မေးရသည်။ အချိန်ကား မာရှယ်လောထုတ်ထားတာနဲ့ မိနစ်နှစ်ဆယ်လောက်သာ လိုတော့တယ်။ တည်းစရာ နေရာ ရှာဖို့ အချိန်မရှိတော့။ သိပ်မဝေးတဲ့နေရာမှာ တည်းခိုဖို့ဟိုတယ်ကို လမ်းညွှန်ပေးတယ်။ လမ်းလျှောက်ရမယ့်အချိန်ကို တွက်ဆပြီး သွားသင့် မသွားသင့် ချီတုံချတုံ ဖြစ်နေကြတယ်။ အဲ့ဒီအချိန် လူတစ်ယောက် လမ်းလျှောက်သွားတာ မြင်တော့ ကျွန်တော်တို့ပါ လိုက်ထွက်လိုက်ကြတယ်။

ဒဂုံ အထက(၁)ကျောင်းရှေ့က ဖြတ်လျှောက်ရတယ်။ ကျောင်းဝန်းထဲမှာ ဟိုလူတွေတော့ ရှိနေတယ်။ ကျောင်းဂိတ်ပေါက်အဝမှာ တချို့ကင်းစောင့်ရင်း စမ်းချောင်းသပိတ်အကြောင်းတွေ ပြောနေကြတယ်။ ကျွန်တော်တို့ ကျောင်းရှေ့အရောက်မှာ သူတို့စကားပြောနေတာ လုံးဝ ရပ်ပလိုက်တယ်။ သူတို့ဘက်ကို လှည့်မကြည့်ဖြစ်အောင် ကိုယ့်ကိုကိုယ် ထိန်းနေရတယ်။ "ငါတို့ကိုလည်း မရပ်ခိုင်းပါစေနဲ့၊ လှမ်းမခေါ်ပါစေနဲ့" ဆိုပြီး စိတ်ထဲက ရေရွတ်နေမိတယ်။ လွန်သွားတော့ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လိုက်တာ ကန့်သက်ထားတဲ့အချိန် မတိုင်ခင်လေး ဟိုတယ်ကို ရောက်သွားတယ်။ အဲ့ဒီတော့မှ တင်းကျပ်နေတဲ့စိတ်ကို လွှတ်ချလိုက်တော့တယ်။

ဒါပေမယ့် ပြဿနာက မပြီးသေးဘူး။ 'Shaw' နဲ့ ကျွန်တော့်ဆီမှာ မှတ်ပုံတင်ရယ်၊ ပိုက်ဆံရယ် ပါမလာခဲ့ဘူး။ ကျောပိုးအိတ်ထဲ ကျန်နေခဲ့တယ်။ ကမန်းကတန်းနဲ့ 'Minty' ကောက်ဝတ်ခဲ့တဲ့ အင်္ကျီထဲမှာ သူ့မှတ်ပုံတင်နဲ့ ပိုက်ဆံ ကိုးသောင်းကျော်ပါလာလို့ တော်သေးတယ်။ 'Minty' က စကားကောင်းကောင်း ပြောတတ်တယ်ဗျ။ သူ့အတွက်က ဒီလိုနေရာတွေနဲ့ မစိမ်းလှပါ။ သူကပဲ ဧည့်ကြိုကောင်တာဆီ သွားပြီး စကားပြောနေတယ်။ ကျွန်တော်တို့နှစ်ယောက်ကတော့ အပြင်ဘက် ထိုင်ခုံပေါ်မှာ ထိုင်စောင့်နေတယ်။ မြို့ပြရဲ့လမ်းမများသည်လည်း တိတ်ဆိတ်ငြိမ်သက်လျက်ပင်။ 'Minty' က ဧည့်ကြိုဝန်ထမ်းနဲ့ ညှိနှိုင်းတာ မရတော့ မန်နေဂျာကို ခေါ်ခိုင်းလိုက်တယ်(နောက်မှ သူ ပြန်ပြောပြလို့ သိရသည်။) မန်နေဂျာနဲ့ပဲ ဆက်ပြီး ဆွေးနွေးညှိနှိုင်းတယ်။ အခန်းခအတွက် ပိုက်ဆံမလောက်တော့ နောက်နေ့မှ ရှင်းပေးပါ့မယ်ဆိုပြီး မေတ္တာရပ်ခံရတယ်။ ကျွန်တော်တို့နှစ်ယောက် မှတ်ပုံတင်မပါတဲ့အတွက်လည်း မေတ္တာရပ်ခံရပြန်ပါတယ်။ နောက်ဆုံးတော့ အဆင်ပြေသွားခဲ့တယ်။

ကျွန်တော်တို့ကို တည်းရမယ့်အခန်းဆီ ခေါ်သွားတယ်။ ဓာတ်လှေကားထဲရောက်တော့ ကိုယ့်ခြေထောက်ကို ငုံ့ကြည့်မိတယ်။ တွေ့ရာဖိနပ် စီးခဲ့တာ ဖိနပ်သဲကြိုးက တစ်ရောင်စီ ဖြစ်နေတယ်။ သုံးယောက်စလုံး အဝတ်စားက ခပ်နွမ်းနွမ်း၊ ပေတလူးရုပ်လေးတွေနဲ့။ အခန်းထဲရောက်တော့ ဖြစ်စဥ်တွေ ပြန်ပြောကြရင်း "Shaw"က သူ့ရဲ့ အသိသူငယ်ချင်းကို နောက်နေ့ လာကြိုပေးဖို့ရယ်၊ အခန်းခရှင်းဖို့ လိုနေတဲ့ပိုက်ဆံ ယူလာပေးဖို့ကို အကူညီတောင်းလိုက်ပါတယ်။ အဲ့ဒီအတွက်လည်း အဆင်ပြေသွားပါတယ်။ အဲ့ချိန်မှာ ပိုက်ဆံလည်း မလောက်ဆိုတော့ ညစာအတွက် ဘာမှမစားဖြစ်ကြတော့ဘူး။

စကားပြောကြရင်းပဲ တစ်ညတာ အိပ်စက်အနားယူလိုက်ကြတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လား၊ နိုးတဝက် အိပ်တဝက်လားဆိုတာ အသေချာမသိတော့ပါဘူး။ သေချာတာကတော့ ဖြစ်ခဲ့တာကို စိတ်တိုတာ၊ စိတ်မကောင်းဖြစ်တာ အလုံးစုံ တွေးတောနေခဲ့မိသည်သာ...။

(ဘာလိုလိုနဲ့ မေလ ၂၈ရက်နေ့ဆိုရင် Shaw ထွက်သွားတာ တစ်နှစ်ပြည့်ပြီ။)

လီလီ။