ဇွန်းပျောက်ရှာခြင်း
မိခင်ကျောင်းတော်ကြီးသည် ကျွန်တော်တို့အတွက် ယာယီပိတ်လိုက်ပြီ ဖြစ်တာကြောင့် သူငယ်ချင်းတွေ နေထိုင်ရာအရပ်ဆီ အသီးသီးပြန်ကြတော့မည်။
တချို့အရင်ပြန်နှင့်ကြသည်။ ဘူလေးရယ်၊ ကျွန်တော်ရယ်၊ စုံတွဲ တစ်တွဲရယ်ကတော့ ညပိုင်း အဝေးပြေးကားနဲ့ ပြန်ကြသည်။ နေရပ်မပြန်ခင် ခရီးတထောက်အနေနဲ့ အသိရှိတဲ့ ရွာတစ်ရွာမှာ ခဏတာ ဝင်လည်ကြမယ်လို့ ကြိုတိုင်ပင်ထားကြသည်။ ကိုဗစ်ကာလရယ် နိုင်ငံအမှောင်ကျနေတဲ့အချိန်ကာလရယ်ဆိုတော့ ည(၁၀)နာရီကနေ မနက်(၄)နာရီအတွင်း သွားလာခွင့်တွေ ပိတ်ပင်ထားသည်။ အဝေးပြေးလမ်းမ တစ်နေရာမှာပဲ ကားရပ်ပြီး အနားယူကြရသည်။
ဘူလေးနဲ့ ကျွန်တော်ကတော့ ကားပေါ်ကဆင်းကာ အပေါ့အပါးသွားပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။ ခရီးပင်ပန်းထားတော့ ကားပေါ်ပြန်တက်ပြီး ခဏလောက် မှိန်းနေလိုက်သည်။ မနက်(၄)နာရီထိုးတော့ ကားစထွက်ခွာသည်။ မိနစ်(၄၀)လောက်အကြာမှာ ဆင်းရမည့်နေရာ ရောက်ခဲ့တယ်။ အလည်သွားမည့် ရွာလေးက အမြန်လမ်းမရဲ့ဘေး သိပ်မဝေးတဲ့နေရာမှာ ရှိပါတယ်။
အသိတစ်ယောက်လာကြိုပေးခဲ့တယ်။ သိပ်မဝေးတော့ ခြေလျင်လျှောက်သွားကြသည်။ ကျွန်တော်တို့ရောက်တော့ ယာတဲပိုင်ရှင်ဇနီးမောင်နှံကလည်း လိုလေသေးမရှိ ဧည့်ဝတ်ကျေပါသည်။ ကျွန်တော်တို့ရောက်ပြီဆိုတော့ ဦးထွန်းက အသားငါးတွေဝယ်လာပြီး ယာတဲလေးဆီ ရောက်လာခဲ့သည်။ မနက်ခင်းတစ်ပိုင်းနေပြီး ဦးထွန်း ပြန်သွားခဲ့သည်။ နောက်တော့ တီတီ(Minty) နဲ့ သူငယ်ချင်းနှစ်ယောက်ရောက်လာခဲ့သည်။ ဒေသခံရယ်၊ ကျွန်တော်တို့ရယ် စကားလက်ဆုံကျနေကြသည်။ ယာတဲမှာ အိမ်သာမရှိတာနဲ့ ကျွန်တော်တို့တတွေ ဝိုင်းဝန်းပြီး အိမ်သာကျင်း တူးပေးကြသည်။
မွန်းလွဲပိုင်းလောက် အနီးနားဝန်းကျင်က ရွာတွေမှာ ဒေသခံတစ်ချို့ကို ဟိုကောင်တွေ ဝင်ရှာတယ်လို့ သိရသည်။ သူငယ်ချင်းနှစ်ယောက် ပြန်သွားခဲ့ကြသည်။ တီတီက ကျွန်တော်တို့နဲ့ နေမှာဆိုတော့ ကျန်နေခဲ့သည်။ ဧည့်စိမ်းဖြစ်တဲ့ ကျွန်တော်တို့တွေလည်း လယ်ကွင်းတွေဘက် သွားပြီးရှောင်နေလိုက်သည်။
ည(၇)နာရီဝန်းကျင်လောက် ယာတဲဆီပြန်ပြီး ငါးဟင်းနဲ့ ထမင်းစားကြသည်။ နောက်နေ့အတွက်ဆိုပြီး ကြက်သားကြော်ကို မစားကြဘူးပေါ့။ တီတီနဲ့ ကျွန်တော်က နှစ်တုံးစီ ထည့်စားလိုက်သည်။ ရှက်ကီချထားတဲ့ ဒေသခံတစ်ယောက် ယိုင်တိုင်တိုင်နဲ့ ကျွန်တော်တို့ အနားလာပြီး စကားပြောနေသည်။ ထမင်းစားနေစဥ်မှာ ဓာတ်မီးရောင် ငါးခုလောက် ကျွန်တော်တို့နေတဲ့ ယာတဲလေးဆီ လာနေတာ တွေ့ရသည်။ လူစိမ်းတွေရောက်နေလို့ လာစစ်တာဖြစ်နိုင်ကြောင်း ယာတဲရှင်က ပြောသည်။ အထုပ်ပိုးတွေယူပြီး ရှောင်ခိုင်းသည်။
ယာတဲနောက်ကြောဘက်မှာ ရေချောင်းရှိသည်။ ခြေသလုံးအလယ်လောက် မြုပ်သည်။ အဲ့ဒီဘက်ကို ပြေးဆင်းကြသည်။ စိတ်မှာမရည်ရွယ်ဘဲ ကျွန်တော့်လက်ထဲမှာ စားလက်စ ထမင်းဇလုံပါလာသည်။ ချောင်းကို ဖြတ်ကူးပြီး အတက်မှာ ချိုင့်ခွက်ထဲကျကာ ကျွန်တော် ဟက်ထိုးလဲသွားသည်။ ဇလုံရော ဇွန်းပါ လွင့်သွားသည်။ အမှောင်ထဲမှာ ဇလုံကို စမ်းပြီး ရှာနေသည်။ ဇလုံတွေ့တော့ ကုန်းကုန်း ကုန်းကုန်းနဲ့ ငါးမိနစ်လောက်ဆက်ပြီး ဇွန်းကို ရှာနေသည်။ နောက်ကတက်လာတဲ့ တစ်ယောက်က မေးသည်။
"လီလီ ကုန်းကုန်းကြီး ဘာလုပ်နေတာလဲ"
ကျွန်တော် ။ ။ "ဇွန်းကျသွားလို့ ရှာနေတာ" လို့ ပြန်ဖြေလိုက်သည်။
တီတီ ။ ။ "ဟာ လီလီ ဇွန်းရှာမနေနဲ့တော့ မီးရောင်တွေက နီးလာပြီ ပြေးတော့" ဆိုမှ သတိဝင်ကာ လယ်ကန်သင်းဘောင်အတိုင်း ပြေးကြသည်။ စောစောက ရှက်ကီချထားတဲ့ တစ်ယောက်ကို မတွေ့ရတော့ဘူး။ မြန်လိုက်တာ ဘယ်လိုက ဘယ်လို လယ်ကွင်းအဆုံး ရောက်သွားသည် မသိ။
ခြုံကွယ်ပြီး အခြေနေကိုစောင့်ကြည့်ကြသည်။ အဲ့ဒီအချိန် ကျွန်တော်တို့ဘက် တက်လာတဲ့ မီးရောင်ကိုတွေ့တော့ မြွေမကြောက် ကင်းမကြောက် ခြုံပုတ်ထဲပစ်လှဲလိုက်ကြသည်(ပြန်ရောက်တော့မှ သိရသည်။ အေးဆေးဖြစ်လို့ ကျွန်တော်တို့ကို လာခေါ်ပေးတာ မတွေ့လို့ ပြန်လှည့်သွားတာတဲ့လေ)။ နောက်တော့ ယာတဲရှင်က အသံပြုပြီး လာခေါ်ပေးပါသည်။ အခြေနေအကြောင်းအရင်း မေးကြည့်တော့ ဒေသခံတစ်ဦးကို လာရှာတာလို့ ပြောသည်။ တဲပြန်ရောက်တဲ့အချိန် ဇလုံထဲမှာ ကြက်သားကြော်တွေ မရှိတော့။ အဖုံးအုပ်ဖို့ မေးသွားတော့ ခွေးစားသွားခဲ့တယ်။ တော်သေးသည် နှစ်တုံးလောက် စားလိုက်ရလို့။
အဲ့ဒီညကတော့ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ တစ်ညတာ ကုန်ဆုံးသွားခဲ့တယ်။
(ဟင်းနုနွယ်အကြောင်း ရေးထားတာရဲ့ မတိုင်ခင်မှာ ဖြစ်ခဲ့တာပါ။)
အားလုံးကို သတိရလျှက်... လီလီ။