🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

ကြေကွဲလူငယ်လေးများ

လွမ်း...ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း.. ဆိုတဲ့ သီချင်းစာသားကို အဆိုတော် Jewel နဲ့အတူ ကျွန်တော်တို့နှစ်ယောက် မတိုင်ပင်ဘဲ လိုက်ဆိုမိတယ်။ ပြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟားကြတာ။

ကျွန်တော်ထိုင်နေကျ စမ်းချောင်းက coffee ဆိုင်ကိုလာဖို့ သူ့ကို ဒီနေ့ချိန်းလိုက်တယ်။ အမှတ်တရတွေ့ပေါ့ကွာ၊ အမှတ်တရတွေ့ပေါ့ဆိုတဲ့ စကားလုံးတွေဟာ ကျွန်တော်တို့နှစ်ယောက် ပါးစပ်က မကြာခဏနဲ့ ဆက်တိုက်ဆိုသလို ပြိုင်တူ ထွက်လာတယ်။

သွားတိုက်တံလေး တစ်ချောင်းကနေ သွားကြားထိုးတံလေးကအစ ကျွန်တော်သိမ်းထားတာလို့ သူကဆိုပြန်တယ်။ သူ့ကောင်မလေးနဲ့ ပြတ်သွားပြီး အသည်းကွဲနေတဲ့ အကြောင်း ကျွန်တော်ကို ရင်ဖွင့်လာတာ။

ကျွန်တော်သူ့ကို နှစ်သိမ့်ပေးနိုင်မဲ့ စကားလုံးတွေရှာမရဘူး။ မရည်ရွယ်ဘဲ ဆေးလိပ်ဘူးပေါ်မှာ မီးခြစ်ကိုတင်ပြီး ဆော့နေမိတယ်။

နံရံပေါ်မှာ ရထားတစ်စီးလို တန်းစီသွားနေတဲ့ ပုရွက်ဆိတ်တွေကိုကြည့်ပြီး ဒီကောင်တွေပဲကောင်းတယ်၊ ခံစားမှုတွေမရှိဘူး၊ လမ်းမှာတွေ့ရင် တစ်ကောင်နဲ့ တစ်ကောင် နှုတ်ဆက်တယ်၊ ပြီးရင် ကိုယ့်လမ်းကိုဆက်သွားကြတယ်တဲ့။

ပြန်ပြောစရာ စကားလုံးတွေ ကျွန်တော်မှာမရှိခဲ့ပြန်ဘူး။

အကိုတို့မတွေ့တာ ကြာပြီ၊ ဘာတွေပြောင်းလဲ လာလဲလို့ ကျွန်တော် မေးမိတယ်။

ဒီ size၊ ဒီ colour၊ ဒီ portion ပဲ။ ဒါပေမယ့် အရင်လို မချိုတော့ဘူး ကိုကြီးရေတဲ့။ စာဖိုးမူးသင်တန်း တက်နေလို့နဲ့ တူတယ် ဒီကောင့် တော်ကီတွေက စာဖိုမူးဝေါဟာရတွေနဲ့ပြည့်နေပြန်တယ်။

ကုန်လွန့်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ တွေ့ဆုံ၊ ရင်းနှီးခဲ့ကြတယ်။ ကျွန်တော်တို့ အဖွဲ့မှာ သူက အငယ်ဆုံးပဲ။ ဆယ့်ခြောက်နှစ် ကလေးလေး။ ကျွန်တော်တို့ရဲ့ ညီငယ်လေး။ အခုတော့ ဆယ့်ကိုးနှစ်ပြည့်ပြီ။

နောက်ဆုံးတွေခဲ့တဲ့နေ့ကို မှတ်မိသေးလားလို့ ကျွန်တော့်ကိုမေးလာတယ်။ မှတ်မိတာပေါ့၊ ကိုလီနဲ့ မြောင်းကြီးဘေးက လက်ဖတ်ရည်ဆိုင်မှာလေ။ မင်းကို Esse ဆေးလိပ်တစ်ဗူးနဲ့ ပိုက်ဆံငါးထောင်မုန့်ဖိုးပေးခဲ့သေးတယ်၊ ဟုတ်တယ်မဟုတ်လားလို့ကျွန်တော်ဖြေတော့၊ ရယ်ပြီး ဟုတ်တယ်တဲ့။

အတွေးကိုယ်စီနဲ့ တိတ်ဆိတ်စွာ ကျွန်တော်တို့ coffee ဆိုင်မှာဆက်ထိုင်ဖြစ်တယ်။ Bluetooth speaker က SHINE ရဲ့ ကျေးဇူးပါကွယ် သီချင်းသံထွက်လာတဲ့ အချိန်ထိပဲ။

ဟာဗျာ သီးချင်းကြီးကလဲဆိုပြီး သူညည်းတွားလာတယ်။ ဆိုင်မှာလဲ လူတွေများလာတော့ နေရာပြောင်းကြမယ်ဆိုပြီး ကြည်မြင်တိုင်ကမ်းနားမှာရှိတဲ့ ပန်းခြံကို ကျွန်တော်တို့ လမ်းလျှေက်ကြတယ်။

ဒီပန်းခြံက လီလီနဲ့ ကျွန်တော် ရှောကို အိမ်စောင့်ထားပြီး ကြည်မြင်တိုင်ညစျေးမှာ စျေးဝယ်ပြီး ဆေးလိပ်လာသောက်ခဲ့တဲ့နေရာ။ သုံးနှစ်ဆိုတဲ့ အချိန်ဟာ မျက်တောင်တစ်ခတ်ပဲလို့ ကျွန်တော်ခံစားလိုက်ရတယ်။ ပန်းခြံက အရင်အတိုင်းပဲ၊ ညစ်ပတ်စဲပဲ၊ အရမ်းကြီးပြောင်းလဲမူတွေမရှိခဲ့ဘူး။

ကျွန်တော်တို့ အားလုံးတော့ ပြောင်းလဲခဲ့ပြီ မဟုတ်လား။

မြစ်ထဲမှာ ရေဆန်အတိုင်းမျှောနေတဲ့ ငှက်ပျောအရိုးတံကိုမြင်တော့၊ ဘဝဆိုတာ အဲ့လိုပဲ နစ်လိုက်၊ ပေါ်လိုက်ပဲ။ ဒါပေမဲ့ ရှေ့ကိုတော့ ဆက်သွားကြရတာပဲလို့ ဒဿန ဆန်ဆန် ညီငယ်လေးနဲ့ ပြောဖြစ်တယ်။

မြစ်လယ်မှာ သင်္ဘောကြီးတွေနဲ့ ငါးဖမ်းနေတဲ့ စက်လှေလေးတွေကိုမြင်တော့လည်း သန်းတင့်ရဲ့

ဆေးပြယ်စ သင်္ဘောကြီးတွေက
မြစ်လယ်မှာ တရွေ့ရွေ့
ပြန်တွေ့ကြဖို့ အစီအစဉ်သည်
ရှိ၏ မရှိ၏။

ကဗျာက ကျွန်တော့် ခေါင်းထဲကိုဝင်လာပြန်တယ်။

အိမ်အပြန် နှုတ်ဆက်ကြတော့ ညီငယ်လေးကို ဆေးလိပ်တွေလျှေ့ာသောက်ဖို့မှာရတယ်။ ရှောနဲ့ လီလီကို ဆေးလိပ်တွေသောက်လာအောင် အားပေးခဲ့တာလဲ ကျွန်တော်ပဲ မဟုတ်လား။