ကလေးမဟုတ်တော့တဲ့ တူကြီး
ဒီနေ့ ကျနော့်တူနဲ့ မနက်စာ အတူတူစားဖြစ်တယ်။ သူ့ကို ကုန်ခဲ့တဲ့ သုံးလလောက်က နောက်ဆုံး တွေ့ခဲ့တာဖြစ်မယ်။ နိုင်ငံရေးစာပေတွေ စိတ်ဝင်စားလာတာ သတိထားမိတယ်။ Che Guevara အကြောင်း ဆွေးနွေးချင်လာပြီး၊ Gandhi ကိုအားကျ၊ သဘောကျနေတဲ့ အကြောင်းတွေ သူ့ဆီကကြားလာရတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု စတဲ့ စကားလုံးကြီးတွေ သုံးလာတာလည်း သတိထားမိတယ်။ ရသစာပေတွေ ဖတ်ရတာလည်း ကြိုက်ပြန်တယ်တဲ့။ နန်းကြီးသုပ် ကြိုက်တာတော့ မပြောင်းလဲသေးဘူး။
နောက်တစ်ခါ ပြန်တွေရင် ကျနော်ကို့ George Orwell ရဲ့ Animal Farm (ခြေလေးချောင်း တော်လှန်ရေး) အကြောင်းတွေ ပြောမလား၊ အောင်ချိန့်ရဲ့ ကဗျာတွေလား၊ ဒါမှမဟုတ် အသည်းကွဲတဲ့ အကြောင်းတွေပဲလား။ ဘာတွေ ပြောလာမလဲ။ တူကြီးဟာ ကလေးမဟုတ်တော့ပဲ ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆတွေရှိလာတဲ့ ဆယ်ကျော်သက်လူငယ်တစ်ယောက် ဖြစ်လာပြီလို့ သတိထားမိတော့ ကျနော်ဟာလည်း အချိန်ရေစီးကြောင်းမှာ ရပ်တန့်မနေပဲ အသက်တွေ တစ်ဖြည်းဖြည်း ကြီးလာတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်နေပြီ ဆိုတာပါပဲ။