🌹 Happy 81, Daw Suu 🌹

I’ve found more warmth, more wholehearted love, more tenderness, more courage, and more caring concern among my people, as we hope together, we suffer together and struggle together, than anywhere else in the world Aung San Suu Kyi Letter from Burma (1997)

စစ်ကြီးက ဘယ်လောက်ကြာဦးမှာလဲ

ဒီနေ့ shuttlecocks ဝယ်ဖို့လိုလို့ စာကြည့်တိုက်ကနေ စောစောထွက်ခဲ့တယ်။ ဝယ်ပြီးနောက် အချိန်လည်း ကျန်နေသေးတာကြောင့် ပန်းဆိုတန်းလမ်းမပေါ်မှာရှိတဲ့ အင်းဝစာအုပ်တိုက် ကိုသွားပြီး စာအုပ်တွေ မွေနှောက်၊ အချိန်ဖြုန်းရင်း ဦးတင်ဦးရဲ့ ပစ်တိုင်းထောင်စိတ်မွေး တည့်တည့်တွေး ကိုဝယ်မိတယ်။ ဒီစာအုပ်က၂၀၁၀ ဝန်းကျင်မှာ မဂ္ဂဇင်းတိုက်တွေကို ပို့ပေးထားတဲ့ ဆောင်းပါးတွေကို စုစည်းပြီး ထုတ်ထားတာ။

စာအုပ်ဖိုးပေးပြီးထွက်တော့ ဝင်ပေါက်ဘက်မှာ စာအုပ်တွေ စုပြီးပုံထားတာကို သတိထားမိသွားတယ်။ ဝင်လာတုန်းက မမြင်ဘူး။ ရပ်ပြီး စာအုပ်ပုံထဲ ဟိုရှာ၊ ဒီကြည့်လုပ်ရင်း “စစ်ကြီးက ဘယ်လောက်ကြာဦးမှာလဲ” စာအုပ်ကိုတွေ့သွားတယ်။ တကယ်ကို ကျနော့် စိတ်ကို ဖမ်းစားသွားတာ ခေါင်းစဉ်ပဲ။ “La guerre, est-elle terminée?” ဆိုပြီး ပြင်သစ်လို့ “စစ်ကြီး ပြီးသွားပြီလားလို့” အသိတွေ့ကို မေးခဲ့တာကိုလည်း ပြန်အမှတ်ရစေခဲ့တယ်။

“စစ်ကြီးက ဘယ်လောက်ကြာဦးမှာလဲ” ဆိုတဲ့ စာအုပ်ဟာ ကဗျာစာအုပ်တစ်အုပ်ပါ။ စာအုပ်ဟာ ဟောင်းနေပြီ။ စာရွက်ရောင်တွေကလည်း ဝါကျင့်တဲ့ဘက်ကို ပြောင်းနေပြီ။ စိတ်ကူး ချိုချို စာတိုက်ကနေ ထုတ်ထားပြီး စျေးနှုန်းက ၁၅၀၀ ကျပ်။ စာရေးဆရာနာမည်က အံဘွယ်ဇင်၊ စိုင်းဝင်းမြင့် စီစဉ်ထားတာ။ ပထမ အကြိမ်အဖြစ်၂၀၁၉ ခုနှစ်မှာထွက်ထားတယ်။ ဟာ.. ဒီဘဲ ကြိုတင်နိမိတ် ဖတ်ခဲ့တာလားပေါ့။

ကဗျာဆရာ အံဘွယ်ဇင်ကိုတော့ ကျနော် မသိဘူး၊ ဒါပေမဲ့ စိုင်းဝင်းမြင့်ကိုတော့ သိတယ်။ မိုက်ကီ ကြောင့်ပဲ ဆိုရမယ်။ စိုင်းဝင်းမြင့်ရဲ့ ကဗျာရွှေရ၊ တိုက်ခိုက်နေတဲ့ လေထဲနဲ့ ရန်ကုန် ကဗျာများ စတဲ့ စာအုပ်တွေကို မိုက်ကီကို ဝယ်ပေးဖူးတယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျနော့် မြန်မာကဗျာ တွေနဲ့ ဝေးတယ်။ ရှာလီကိုလည်း ကျေးဇူးတင်ရမယ်၊ ကြည့်အေးရဲ့ ကဗျာပေါင်းချုပ်ကို လက်ဆောင်ပေးခဲ့လို့။ သူ့ရဲ့ ကဗျာတွေနဲ့ မြန်မာကဗျာတွေကို စတင်ရင်းနှီးခဲ့တာ။ အဲဒီနောက် သန်းတင့်၊ သူ့ရဲ့ ခင်ဖုန်းသက်ဝေ။ အောင်ခြိမ့်ရဲ့ ဂန္တဝင်မမနဲ့ စိုင်းဝင်းမြင့်ရဲ့ ကဗျာတွေကို ဖတ်တော့တာပဲ။

စိုင်းဝင်းမြင့်ရဲ့ ကဗျာတွေထဲမှာ ကျနော် အကြိုက်ဆုံးက “အရေးအသားတစ်ခု” ပဲ။ Fish Tank Poetry project မှာ ကျားပေါက် ဖတ်ပြထားကို ဒီမှာ နားထောင်လို့ရတယ်။

အံဘွယ်ဇင်ရဲ့ စစ်ကြီးက ဘယ်လောက်ကြာဦးမှာလဲ စာအုပ်ထဲက ကဗျာအများစုဟာ dramatic monologue ကိုသုံးထားတာလို့ အမှာစာရေးသူ မင်းခက်ရဲက ဆိုထားတယ်။ Dramatic monologue ဆိုတာ ကဗျာဆရာရဲ့ ပုဂ္ဂလိက အတွေးကို သူ့ရဲ့တစ်သံတည်းပြောဆိုနေတဲ့ စကားနဲ့ ပြောထားတာတဲ့။ တစ်သီးပုဂ္ဂလလူသားတစ်ယောက်ရဲ့ ပြောဆိုမှုမှာ ရိုမန့်တစ် ဆန်ဆန်ဘဝအလွမ်းတွေကို ပြောနေတာမျိုး မဟုတ်ပဲ ကိုယ့်အကြောင်းကို ကိုယ်ဖော်ထုတ်နေတဲ့ ပုံစံ self revelation လည်း မဟုတ်ပြန်ဘူး။ သူ့ရဲ့ အတွေးစိတ်ကူးတွေကို ပြောနေရင်း လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်သွားတာမျိုးလို့ M.H.Abrams ရဲ့ A Glossary of Literary Terms (7th ed, 1999) မှာ ဆိုထားတယ်။

ကဗျာဆရာဟာ ၈၈ မျိုးဆက်လည်း ဖြစ်နိုင်သလို လူငယ်တစ်ယောက်လည်း ဖြစ်နိုင်တယ် မဟုတ်လား။ အစောဆုံး ၂၀၀၅ ခုနှစ် ကစပြီး ၂၀၁၇ ခုနှစ်အတွင်း ရေးခဲ့တဲ့ ကဗျာတွေကို စုစည်းပြီး စာအုပ်ထုတ်ထားတာ။ ကဗျာပါအကြောင်းအရာတွေကတော့ စစ်၊ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေး၊ ရေဘေးသင့်ပြည်သူ၊ နာဂစ်နဲ့ ပုဂ္ဂိုလ်ရေးရာ ကဗျာတွေပါပဲ။ စုစုပေါင်း ကဗျာအပုဒ် ၅၀ ပါတယ်။

ဒီစာအုပ်ထဲမှာ ကျနော်ကြိုက်တဲ့ ကဗျာတွေက


အပြေးအလွား


ပြေးရလွားရလွယ်ကူအောင်
အထုပ်လေးတစ်ထုပ် ကျစ်ကျစ်ပါအောင် ထုပ်ထားတယ်

ပြေးရလွားရလွယ်ကူအောင်
လမ်းထိတ်က သံချောင်းခေါက်သံကို
အာရုံပြုထားတယ်

ပြေးရလွားရလွယ်ကူအောင်
တစ်ယောက်အကြည့်ကို တစ်ယောက်သိထားတယ်

ပြေးရလွားရလွယ်ကူအောင်
သတင်းကို မပြတ်နားထောင်နေတယ်

ပြေးရလွားရလွယ်ကူအောင်
ပုဆိုးကို ကျစ်ကျစ်ပါအောင် ဝတ်ထားတယ်

ပြေးရလွားရလွယ်ကူအောင်
နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးထားတယ်

ပြေးရလွားရလွယ်ကူအောင်
ဘတ်စ်ကားကို တွယ်စိးထားတယ်

ပြေးရလွားရလွယ်ကူအောင်
ကား/ရထားမရပ်ခင် ခုန်ဆင်းနိုင်အောင်
လေ့ကျင့်ထားတယ်

ပြေးရလွားရလွယ်ကူအောင်
နောက်ဖေးတံခါးကို စေ့ရုံစေ့ထားတယ်
ဧည့်စာရင်းစစ်ရင်
သတိနဲ့အသင့်နေထားတယ်

ပြေးရလွားရလွယ်ကူအောင်
တယ်လီဖုန်း အမြဲဖွင့်ထားတယ်

ပြေးရလွားရလွယ်ကူအောင်
ခွေးဟောင်သံကို နားစွင့်ထားတယ်
ဘာလုပ်လို့ ပြေးလွားနေရတာတုံးလို့မေးတယ်
အာဏာရှင်လက်အောက်မှာ
နှစ်ရှည်လများ အပြေးအလွှား
နေထိုင်ခဲ့ရလို့ပါလို့ ချက်ချင်းပြန်ဖြေလိုက်တယ်


၂၀၁၃