အပျိုကြီးကြွေးတဲ့ ကွမ်းယာ

၁။

ကျနော့်နာမည်က လူမော်။ အပြည့်အစုံ မိတ်ဆက်ပေးရရင် အသက်လေးဆယ်ကျော် လူပျိုကြီး ဦးလူမော် ဆိုပါတော့။ အိမ်ထောင်မပြုချင်လို့ လူပျိုကြီး လုပ်နေတာတော့ မဟုတ်ဘူးဗျို့။ ကံမစပ်သေးလို့ ဆိုကြပါစို့။ အဲ… ကံဆိုလို ပြောရဦးမယ်။ ကောင်းသောကံဗျ။

ကျနော်တို့တိုက်ကို ပြောင်းလာတာ မကြာသေးတဲ့ အပျိုကြီးတစ်ယောက်နဲ့ အရမ်းတွေ အဆင်ပြေ နေတယ်။ အပျိုကြီးက တော်တော်လှတယ်ဗျ။ ယဉ်တယ်။ သိပ်မွေ့တယ်။ စသိတဲ့နေ့ ကတည်းက သူ့အိမ်ကို ကျနော် လူပျိုလှည့်နေတာ။ တွေ့ရင်တော့ နှစ်ယောက်အတူ ငယ်ပေါင်းတွေလို့ စကားတွေ ပြော၊ ဆို၊ ငြင်းခုန် ကြတာပဲ။

သူလည်း စာဖတ်တယ်လေ။ ဆိုတော့ အသွင်တော့ တူနေပြီ။ ကျင်သူဖြစ်ဖို့ပဲ ကျန်တော့တယ်ဗျာ။ ကျနော်သူ့ကို စိတ်ဝင်စားနေတဲ့ အကြောင်းတော့ မပြောရသေးဘူး။ အသက်လေးဆယ်သာ ကျော်လာတာ၊ ရည်းစားစကားပြောဖို့ သတ္တိမရှိသေးဘူး။ ကျနော်ပြောမယ်လို့ စဉ်းစားတိုင်း လည်ချောင်းထဲ တစ်ခုခု ဆိုလာသလို အမြဲခံစားရတယ်။ ကိုယ့်ကိုယ်ကိုလည်း အားမရဘူး။ ဆယ်ကျော်သက်လေးတစ်ယောက်လိုပဲ ပြန်ခံစားနေရတယ်။

“ကြောက်လိုက်လေခြင်း” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတဲ့ ရက်တွေလည်း မနည်းတော့ဘူး။ အပျိုကြီးကတော့ ကျနော့်ခံစားချက်တွေကို သတိထားမိရဲ့လား မသိဘူး။ ကျနော် မပြန်ခင် တိုက်အောက်ဆင်းပြီး ဝယ်လာတဲ့ ကွမ်းယာနဲ့ အမြဲဧည့်ခံပါတယ်။ ကျနော်လည်း သူဝယ်ပေးတဲ့ ကွမ်းစားပြီး နှုတ်ဆက်ပြန်မြဲ။

ဒီနေ့လည်း အရင်နေ့တွေလိုပဲ သူဝယ်ပေးတဲ့ ကွမ်းယာ စားပြီး ပြန်ခဲ့တယ်။ မနက်ဖြန်တော့ သူကို ချစ်မိနေပြီဆိုတဲ့ အကြောင်း ဝန်ခံပြီး လက်ထပ်ခွင့် တောင်းတော့မယ်ဗျာ။ အတူတူ နေချင်ပြီ။

၂။

ကျမနာမည်က သင်ဇာ။ ခင်မင်ရည်းနှီးတဲ့သူတွေကတော့ “အပျိုဟိုင်းကြီး ဒေါ်သင်ဇာ” လို့ ရှေ့တင်ကော၊ ကွယ်ယာမှာကော ဂုဏ်ပြုစကား ဆိုကြတယ်။ ကျမကတော့ ဒီရာထူးကနေ ကျွတ်ချင်နေပြီ။

ငယ်ရွယ်စဉ်က အရွေးများခဲ့တာကိုပဲ အပြစ်တင်မိတယ်။ ဝေခွဲမရတဲ့ မြေပဲမ ဖြစ်ခဲ့တာကို။ အခုတော့ “ချစ်ပါတယ်၊ ကြိုက်ပါတယ်” လို့ လာပြောမယ့်သူကို ခေါင်းညိမ့်ဖို့ အဆင်သင့်ပါပဲရှင်။ ငယ်ငယ်တုန်းကလို မမူချင်တော့ပါဘူး။

ကံကြမ္မာက မျက်နှာသာ ပေးလာတယ်ပဲ ဆိုရမလား။ ပြောင်းလာတဲ့ တိုက်သစ်မှာ ကျမအရွယ် လူပျိုကြီးတစ်ယောက်ရှိတယ်ရှင်။ ရုပ်ရည်လေးက သနားကမားပါပဲ။ စာဖတ်တယ်။ ယဉ်ကျေးတယ်။ အရက်သေစာ၊ ဆေးလိပ်လည်း ကင်းတယ်။ အပြစ်ပြောစရာဆိုရင် အဲ… ကွမ်းတော့ စားတယ်။

သူ ကျမကို စိတ်ဝင်စားနေတာ သိတာပေါ့။ ကျမက ဆယ်ကျော်သက်တစ်ယောက် မဟုတ်တော့ဘူးလေ။ အချစ်ဆိုတဲ့ ဘာသာမှာ အတွေ့အကြုံတွေများစွာရှိနေတဲ့ ဝါရင့်၊ သဘာရင့်တစ်ယောက် ဖြစ်နေပြီလို့ ပြောရင်လဲမမှားဘူးပေါ့ရှင်။

ခက်တာက ကျမက မြန်မာမိန်းကလေးမဟုတ်လား။ ဆိုတော့ ယဉ်ကျေးမှု၊ ထုံးလမ်း၊ အစဉ်အလာတွေကို လွန်ဆန်လို့ မရဘူး။ မဆွတ်ခင်က ညွှတ်ချင်နေပေမဲ့ လူပျိုကြီး ပြောလာမယ့် အချိန်ကိုပဲ နေ့စဉ် စိတ်မရှည်စွာ စောင့်နေရတာ။

ကျမသူ့ကို စိတ်ဝင်စားနေတာ သိဖို့ကောင်းပါတယ်လေ။ သူကြိုက်တဲ့ ကွမ်းကိုလည်း တိုက်အောက်ဆင်းပြီး မပြန်ခင် ဝယ်ကြွေးနေတာပဲ မဟုတ်လား။ ဒီနေ့လည်း ဝယ်ပေးတဲ့ ကွမ်းကို စားပြီး ချစ်စကား၊ ကြိုက်စကား မဆိုပဲ ကိုတော်ချော ပြန်သွားပြန်ပြီ။

မနက်ဖြန်တော့ သပြည့်တော်မကို ကိုလူမော် ချစ်စကား ဆိုပါစေ၊ အရှင်မြတ်ဘုရား။

၃။

လူတွေကတော့ ကျနော်ကို မာမူလို့ ခေါ်တယ်။ ပညာအရည်အချင်းတော့ လေးတန်းအောင်။ အလုပ်အကိုင်ကတော့ ကွမ်းရောင်းတာပဲ။ မကြာသေးခင်က ကျနော် ကွမ်းထိုင် ရောင်းနေတဲ့ တိုက်ကို အပျိုကြီးတစ်ယောက် ပြောင်းလာတယ်ဗျ။

အပျိုကြီးက စွဲမှတ်ချင်စရာပဲ။ ဒါပေမဲ့ အားငယ်ရတယ်ဗျာ။ ဘဝပေးအခြေအနေတွေက မတူဘူးလေ။ မိုးနဲ့မြေလို ဝေးကွာလှတယ်။ သူ စျေးသွား စျေးပြန် အချိန်တွေပဲ ဝေးကနေ ကြည့်ပြီး စိတ်ကူးယဉ်ခွင့် ရတာ။

အဖဘုရားရဲ့ကောင်းချီးပဲ ပြောရမလား အခုရက်ပိုင်း သူ ကျနော်ဆီမှာ ကွမ်းယာ လာဝယ်တယ်။ အစပိုင်းမှာ ကျနော် အရမ်း အံ့ဩနေတာ။ ပညာတတ်၊ ဂုဏ်သရေရှိပြီး ဒီလို လှပပြီး ကျော့ရှင်းတဲ့ အပျိုကြီးက ကျနော်ဆီမှာ ကွမ်းလာဝယ်တယ်ဆိုတာပေါ့။

ကျနော်လည်း လူသားပဲဗျာ။ ဘာသားနဲ့ ထုထားတာ မို့လဲ။ အပျိုကြီးနဲ့ နှီးစပ်ချင်တာပေါ့။ ဘယ်ရမလဲ ဒီနေ့ ကွမ်းယာထဲ ပီယဆေး ထည့်ပေးလိုက်တယ်။

၄။

လူပျိုကြီး ကျမဆီ မလာတာ လေးရက်ရှိပြီ။