လီလီရေ
လီလီရေ
မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကာလကစပြီး အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်ပြီး စိတ်ကျမ်းမာ၊ ကိုယ်ကျမ်းမာနဲ့ လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီစာကိုရေးလိုက်ပါတယ်။
လီလီကို ပြောရဦးမယ်။ ကျနော်တော် ဘဝမှာ ပထမဦးဆုံး အကြိမ် သင်္ကြန် ပိတ်ရက်ရှည်မှာ ၁၀ ရက် တရားစခန်းဝင်ဖြစ်ခဲ့တယ်။ ဟိုအရင်နှစ်တွေကလည်း တရားထိုင်ကြည့်ချင်တဲ့ ဆန္ဒတွေရှိခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူးဗျာ။ ဒီနှစ် တရားထိုင်ဖို့ အကြောင်းဖန်လာတာကလဲ တကယ်ကိုအံဩစရာပါပဲ။ လီလီ ခံစားဖူးလားဗျာ။ တခါတလေ ကိုယ်လုပ်ဖြစ်တဲ့ အရာတွေဟာ အင်အားထည့်ပြီး ကြိုးစားလုပ်ယူတာ မဟုတ်ပဲ သူ့အလိုလို အဆင်ပြေသွားတာမျိုးလေ။ အခုလည်း ကျနော်အတွက် အဲလို့ဖြစ်သွားတယ် ပြောရမယ်။
နှစ်အစမှာ အရင်နှစ်တွေလိုပဲ ဒီနှစ်တော့ ထရားထိုင်ကြည့်မယ်လို့ စိတ်ကူးခဲ့မိတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဘာမှကြိုတင်ပြင်ဆင်မှုတွေ မလုပ်မိဘူး။ ဘယ်ကိုသွားမယ်ဆိုပြီးတော့လည်း မရည်ထားခဲ့ဘူး။ သွားဖြစ်ဖို့ အကြောင်းပါလာတယ်ပဲ ဆိုရမလား သင်္ကြန်ပိတ်ရက် မတိုင်ခင် ၃ ရက်လောက် အလိုမှာ နေ့စဉ် တရားထိုင်တဲ့ အကိုတစ်ယောက်နဲ့ သိသွားတယ်။ သူက တရားစခန်းသွားမဲ့ ယောဂီအဖွဲ့တစ်ဖွဲ့နဲ့ မိတ်ဆက်ပေးပြီး သူတို့နဲ့ အတူတူလိုက်သွားလို့ရအောင်လည်းပြောပေးတယ်။ အလှုူငွေ ၅ သောင်းလည်း ရတယ်။ ယောဂီ ပုဆိုးနဲ့ ဝတ်စရာ င်္အကျီတွေကောပဲဗျ။ ကားလည်း စီစဉ်ပေးတယ်။ ဆိုတော့ ရေ၊ မီး အစုံနဲ့ လေးထီးခုန်ပေါ့ဗျာ။
ကျနော်ရဲ့ ခရစ်ယာန်မိသားစုက ဘုရားသခင် လမ်းပြပါစေလို့ ဆုတောင်းပေးပြီး၊ ဗုဒ္ဓဘာသာ မိတ်တွေတွေကတော့ ဓမ္မရဲ့အဓိပ္ပါယ်ကို ရှာတွေနိုင်ပါစေလို့ ဆုတွေ တောင်းပေးခဲ့ကြတယ်။ ဒီလို့နဲ့ ကျနော့် တရားစခန်း ခရီစဉ်စခဲ့တယ်လို ဆိုရမယ်ဗျာ။
ဧပြီ ၇ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခဲ့ပြီး ညနေ ၆ နာရီလောက် ဖားအောက် တောရ တရားစခန်းကိုရောက်တယ််။ အရမ်းတိတ်ဆိတ်ပြီး အနားယူချင်စရာကောင်းတဲ့ နေရာတစ်ခုလို့ ခံစားရတယ်။ မြေဧရိယာကတော့ ၁၀၀ ကျော်လောက်ရှိမယ်။ မှော်ဘီ မြို့ပြင်ဘက် ဝါးနက်ချောင်း ဆိုတဲ့ စံပြကျေးရွာလေး အနားမှာပဲ။ သစ်ပင်၊ စားပင်တွေ များတယ်။ တရားထိုင် ယောဂီတွေ အတွက် သီးသန့် ဘန်ဂလိုလေးတွေလည်း အများကြီး ဆောက်ထားပေးတယ်ဗျာ။ နိုင်ငံတကာက လာပြီး တနှစ်လုံး တရားထိုင်နေတဲ့ သူတွေလည်း ကျနော်တွေခဲ့တယ်။ ဂျပန်၊ ဗီယနန်၊ တရုပ် အစုံပဲဗျာ။
ကျနော် နေခဲ့တဲ့ ဘန်ဂလိုလေးက ဂျပန်တစ်ယောက် လှုူခဲ့တဲ့ အဆောင်ဗျာ။ သူလာရင်တော့ သူနေပေါ့။ သူမရှိတော့ အခြားယောဂီတွေ တည်းခွင့်ရတယ်။ တစ်ယောက်ဆောင်ဗျာ။ နာမည်ကတော့ Suzuki လို့ပေးထားတယ်။ အလှုူရှင်ရဲ့ အမည်ပေါ့။ ကျနော့် အဆောင်က ဘယ်ဖက်မှာ ဦးပဇင်းအဆောင်၊ ညာဖက်မှာပေါ့ ထိုင်တော်မှုဘုရားတွေ စီထားတဲ့ ဗေဒီညောင်ပဲ။ ညတွေဆို ကြယ်တွေ ကောင်းကောင်း မြင်ရတယ်။
အပူချိန်က ရန်ကုန်ထက်အေးတယ်။ သစ်ပင်တွေ များတော့ မနက်ပိုင်းတွေ နည်းနည်းအေးတော့ နေရတာ လည်း အရမ်းအဆင်ပြေတယ်။ လီလီတို့ဆီမှာလည်း အပင်တွေ များတော့ ဒီလိုရာသီဉတု ဖြစ်မယ်ထင်တယ်။
လီလီ တရားထိုင်ဖူးမယ်ထင်တယ်။ ကျနော်အတွက်တော့ ပထမဦးဆုံးဆိုတော့ သင်ယူလေ့လာစရာတွေ များခဲ့တယ်။ မနက်ဆို ၃:၃၀ ထ။ မျက်နှာသစ်ပြီး သိမ်သွားပြီး ယောဂီတွေနဲ့ တရား ၁ နာရီထိုင်၊ ပြီးရင် မနက်စာစားဖို့ပြင်ဆင်ရတယ်။ အမျိုးသားယောဂီနဲ့ အမျိုးသမီးယောဂီတွေတော့ ခွဲထားတယ်ဗျ။ မနက်စာ ဆွမ်းမခံခင် ရပ်တော်မှုဘုရားကြီးရှိတဲ့ ဗိမာန်တော်မှာ စုရတယ်။ ဆွမ်းစားမောင်းထီးရင် သံဃာတွေနောက်က တန်းစီပြီးလိုက်ရတာ။ မနက် ၇ နာရီ နေ့တိုင်း ၈ ပါးသီလ ယူရတယ်ဗျာ။ တရားကတော့ တစ်နေ့ကို ၅ နာရီလောက် ထိုင်ရတာ။ ကြားထဲမှာ မိနစ် ၃၀ လောက် နားချိန်ရှိတယ်။
တရားစထိုင်တော့ ကျနော် Eat, Pray, Love ဆိုတဲ့ ရုပ်ရှင်ထဲက ဇတ်ကွက် တစ်ခုကို သတိရသွားတယ်။ မင်းသမီး Julia Robert က သူတရားထိုင်တဲ့ အချိန်ကြာပြီလို့ထင်ပြီး မျက်လုံးဖွင့်ကြည့်တဲ့အခါ ၅ မိနစ်ကျော်ပဲရှိသေးတာကိုပြတဲ့ ဇတ်ကွက်ခုဗျ။ ကျနော်လည်း အဲလို့ ဖြစ်ခဲ့တယ်။ အချိန်ကြာသလိုခံစားရပေမဲ့ တစ်ကယ်တော့ မိနစ်ပိုင်းတွေပဲဖြစ်နေတာ။
တရားလာထိုင်ကြတဲ့ ယောဂီအများစုမှာ တူညီတဲ့ အချက်တွေရှိတာကို ကျနော် သတိထားမိခဲ့တယ်။ အတိမ်၊ အနက် မတူညီတဲ့ စိတ်ပိုင်ဆိုင်ရာ ပြသနာတွေပေါ့ဗျာ။ တရားရချင်တာထက် အတွေးများလို့ စိတ်ငြိမ်အောင် တရားလာထိုင်တာလို့ ပြောတဲ့ သူတွေ အများကြီးပဲဗျ။ ကျနော် အပါအဝင်ပေါ့ဗျာ။ ဒါက ကျနော်ကို Help Seeking Pyramid ဆိုတဲ့ အကူအညီရှာဖွေမှု အဆင့်လေးတွေကို သတိရစေတယ်။ သူက triangle ပုံဗျာ။ စမူစာ shape လေးပေါ့။
ကျနော်တို့တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး အကူအညီတွေလိုတယ်လို့ ဆိုကြပါစို့။ ပထမဦးဆုံး မိသားစု၊ သူငယ်ချင်းတွေ ဆီမှာ ယူကြည့်မယ်။ အဆင်မပြေရင် နောက်တဆင့်က ဘာသာရေးခေါင်းဆောင်တွေနဲ့ ပြောကြည့်မယ်။ အဆင်မပြေသေးရင် နောက်တဆင့်က ဆရာဝန်နဲ့ ပြမယ်။ ဆေးသောက်မယ်။ ဒါလည်း အဆင်မပြေသေးရင် counselling သွားမယ်။ ဘာမှ အဆင်မပြေဘူးဆိုရင်တော့ နောက်ဆုံးအဆင့် စိတ်ရောဂါ အထူးကျွမ်းကျင်သူတွေဆီမှာ အဆုံးသတ်သွားကြတာပေါ့။
ည ၆ နာရီ ဘုရားရှိခိုးပြီး၊ တရားနာရတယ်။ ဘုရားစာက ပါဠိတွေဆိုတော့ ကျနော့် အတွက် အရမ်းခက်ခဲတယ်။ မဖတ်တက်ဘူးလေ။ မဟာနမက္ကာရ ဘုရားရှိခိုး၊ ပရိတ်ကြီးပါဠိ၊ မင်္ဂလသုတ်၊ ရတနာသုတ်၊ ပဌာန်းပါဠိတော် စတဲ့ ဘုရားစာတွေပဲ။ စာကြောင်း အဆုံးတွေကိုပဲ ကျနော်ဆိုတော့တာပေါ့ဗျာ။ ဉပမာ - တေ၊ နံ၊ သု၊ နေ၊ ပစ္စယော။ ဘုရားရှိခိုးပြီးရင်တော့ မေတ္တာပို့ရတယ်။ ကျနော်အကြိုက်ဆုံးအပိုင်းပဲ။
လီလီလဲ ပို့လို့ရအောင် ကျနော် ဝေမျှပေးမယ်ဗျာ။ သူက ကိုယ့်အနား ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကနေစတယ်။ ပြီးရင် ကိုယ်နေတဲ့ နေရာ၊ ကိုယ်နေတဲ့ မြို့၊ ကိုယ်နေတဲ့ နိုင်ငံ၊ နတ်ပြည်၊ ငရဲပြည်၊ တောင်ကျွန်း၊ လေးကျွန်း။ နောက်ဆုံး အနတ္တစကြာဝဌာနဲ့ဆုံးသွားတယ်။
တောင်ကျွန်း၊ လေးကျွန်း ဆိုတာတော့ လီလီ သိမှာပါ။ ကျနော်မသိခဲ့ဘူးဗျာ။ ကျနော် ခရစ်ယာန်ဆိုတာ သိတာ အစက အကိုကြီးတယောက်ပဲရှိခဲ့တာ။ သူကိုတော့ ကျနော် မသိတာတွေ အများကြီးသွားမေးတာပဲ။ ဆိုတော့ ပထမနေ့ ကျနော် မေတ္တာပို့ဆိုတာ ပြီးတော့ သူကို သွားမေးတယ်ဗျာ။ လေးကျွန်း၊ တောင်ကျွန်း ဆိုတာ ဘယ်မှာလဲ။ ဘယ်သူတွေ နေလဲဆိုတော့ သူ့ဘေးမှာ ထိုင်နေတဲ့ နောက်အကိုကြီးတယောက် ရယ်ပြီး ကဲသွားသွား ဒီညီလေးကို တောင်ကျွန်းလိုက်ပို့ပေးလိုက်လို့ဦးတဲ့။
မေတ္တာပို့နည်းကတော့
မြန်မာနိုင်ငံအတွင်းမှာ နေတိုင်ကြသော အလုံးစုံသော သတ္တဝါအပေါင်းတို့သည်
ဘေးယံကင်းကြပါစေ
စိတ်ဆင်းရဲ ကင်းကြပါစေ
ကိုယ်ဆင်းရဲ ကင်းကြပါစေ
စိတ်ဆင်းရဲ ကင်းကြပါစေ
ကိုယ်ဆင်းရဲ ကင်းကြပါစေ
(တစ်ကြောင်းကို များများရွတ်ဗျ။ ဉပမာ - ဘေးယံကင်းကြပါစေ၊ ဘေးယံကင်းကြပါစေ၊ ဘေးယံကင်းကြပါစေ၊ ဘေးယံကင်းကြပါစေ)
ကျမ်းကျမ်းမာမာ၊ ချမ်းချမ်းသာသာဖြင့် မိမိတို့ မိမိတို့ ခန္ဒာကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေကုန်သတည်း။
ရှောကိုတော့ သတိသရ ကျနော်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှပေးဝေဖြစ်ခဲ့တယ်။
လီလီလည်း ကျမ်မာပါစေဗျာ။
ချစ်ခင်လျှက်
တီတီ
တီတီ