လေးမြို့သို့ ခရီးသွားခြင်း
ခရစ္စမတ်ပိတ်ရက်မှာအိမ်မပြန်ဖြစ်တော့ဘဲ မြေက်ဦးကိုသွားမဲ့အကြောင်းပြောတော့ အခန်းဖော်ညီညီက လေးမြို့ချောင်းနဲ့ မဟာထီးဘုရားကို ရောက်အောင်သွားဖို့ တိုက်တွန်းတယ်။
မြောက်ဦးကိုရောက်ပြီး သုံးရက်အကြာမှာ လေးမြို့ချောင်းခရီးစဉ်ကို ကျနော်စတင်ပါတော့တယ်။ ကံကောင်းချင်တော့ ကျနော်တည်းခိုတဲ့ဟိုတယ်မှ အလုပ်နေတဲ့ receptionist ညီမလေးက သူ့ဦးလေးအသိလှေရှိကြောင်းနဲ့၊ ယုံကြည့်ရတဲ့အကြောင်း ပြောပြလာတော့ သူ့အဆက်အသွယ်နဲ့ပဲသွားဖို့ ကျနော်ဆုံးဖြတ်လိုက်တော့တယ်။
နောက်နေ့မနက် ၆နာရီ မထိုးခင်လောက်မှာ Tuk Tuk ဆရာအကိုတစ်ယောက် ကျနော်ကိုလာခေါ်တယ်။ မြောက်ဦးမြို့မစျေးအနားမှာရှိတဲ့ လှေဆိပ်ကနေ လှေစီးရမှာလို့ ကျနော်ထင်နေခဲ့တာ။ မဟုတ်ဘူးဆိုတာသိရတော့ စျေးရှေ့မှာသူ့ကို ခဏရပ်ခိုင်းပြီး လမ်းမှာဗိုက်ဆာရင်စားဖို့ဆိုပြီး ငှက်ပျောသီးတစ်ဖီးနဲ့ လိမ္မော်သီးအနည်းငယ် ဝင်ဝယ်ဖြစ်တယ်။
စျေးဝယ်ပြီးတော့ ကျနော်တို့တွေ နန်းရွာကုန်းကိုဖြတ်ပြီး ကိုးသောင်းပုထိုးတော်ကြီးဆီကိုသွားတဲ့လမ်းအတိုင်းပဲမောင်းခဲ့တယ်။ လက်ယာပိစီဘုရားတောင်ကုန်းနားရောက်တော့မှ ဘယ်ဖက်ကိုကွေ့ပြီး ခရီးဆက်ကြပြန်တယ်။
အပြင်မှာတော့ မြူတွေဆိုင်းနေပြီး၊ တိတ်ဆိတ်နေတယ်။ ဆူညံသံဆိုလို့ ကျနော်တို့နှစ်ယောက်စကားပြောသံနဲ့၊ Tuk Tuk’s engine သံပဲရှိတယ်။ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ၊ ရွာတွေဖြတ်ပြီး မိနစ်နှစ်ဆယ်လောက် မောင်းပြီးတဲ့နောက် လေးမြို့မြစ်ကမ်းဘေး တည်ထားတဲ့ရွာလေးတစ်ရွာမှာ ခရီးဆုံးသွားတယ်။
ကျနော်တော် Tuk Tuk ပေါ်ကဆင်းတော့ လှေဆရာကြီးလို့ထင်ရတဲ့ လူလတ်ပိုင်းအကိုတစ်ယောက် ရောက်လာတယ်။ ပြီးတော့ ကျနော်ကို ဘယ်ကလာလဲ၊ ဘယ်နယ်ကလဲ မေးခွန်းတွေမေးပြီး ပျောက်သွားပြန်တယ်။ နောက်တစ်ခါပြန်ပေါ်လာတော့ uniform ဝတ်ထားတဲ့ ရဲဘော်လေးတစ်ယောက်နဲ့။ အာရက္ခတပ်မတော်ကလို့ဆိုတယ်။ သူကလည်းကျနော်ကို ဘယ်ကလာလဲ၊ ဘယ်နယ်ကလဲအပြင် ဘာလုပ်တာလဲဆိုတဲ့ အပိုဆောင်းမေးခွန်းတွေထက်မေးတယ်။ ပြီးတော့ ကျနော်တို့နဲ့ မလှမ်းမကမ်းနေရာကိုသွားပြီးဖုန်းပြောတယ်။ စကားပြောနေရင်းလည်းကျနော်ကို မကြာခဏ ပြန်ပြန်ကြည့်သေးတယ်။
Tuk Tuk ဆရာအကိုက မစိုးရိမ်ဖို့ပြောတယ်။ လေးမြို့ချောင်းဆိုတာ ဒေသခံတွေအတွက် မိသားစုလိုက် သို့မဟုတ် သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ပိတ်ရက်ရှည် သိုမဟုတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ညအိပ်ခရီး သွားတဲ့နေရာဖြစ်ကြောင်း၊ ကျနော်က ကြားရက်မှာ တစ်ယောက်တည်း လှေစင်းလုံးငှါးပြီး နေ့ခြင်းပြန်သွားတဲ့အတွက် လုံကြုံရေးအတွက် စစ်ဆေးရတာဖြစ်ကြောင်း စိတ်ရှည်စွာရှင်းပြလာတယ်။ ကျနော်ကလည်း အဆင်ပြေပါတယ်၊ နားလည်ပါကြောင်း ယဉ်ကျေးစွာ ပြန်ပြောရတာပေါ့။
စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး လှေထွက်ခွင့်ရတော့ ၈:၄၅ ရှိပြီ။ မြူတွေလည်းပါးသွားသလို နေရဲ့အပူအချိန်ကိုလည်း သိသာစွာခံစားလာရတယ်။ လှေဆရာရဲ့ ဦးဆောင်မူနောက်ကနေ ဒေသထွက်သီးနံ၊ သားငါးထွက်ကုန်တွေနဲ့ ရောင်းဝယ်စည်ကားနေတဲ့ မြစ်ကမ်းဘေးစျေးထဲကနေ လှေဆိပ်ကိုဆင်းခဲ့တယ်။ လှေထွက်ပြီး နာရီဝက်အကြာမှာ ဖုန်းစစ်ကြည့်တော့ ဖုန်းလိုင်းမမိတော့တာသတိထားမိတယ်။
မြစ်ကမ်းတစ်လျှောက် ယာခင်းတွေ၊ ဝါးဖောင်တွေ၊ လူနေတဲတွေ အများကြီးပဲ။ ကျနော် camera ထုတ်ပြီးမှတ်တန်းတင်ချင်ပေမဲ့ ကျနော်ရဲ့လုပ်ရှားမူတွေကို အထက်ကို ပြန်ပြောဖို့ လှေဆရာကို တောင်းဆိုတာကြောင့် လေးမြို့ချောင်းရဲ့အလှကိုမျက်စိနဲ့ပဲ ခရီးစဉ်တစ်လျှောက် ကျနော်ခံစားလိုက်တော့တယ်။
မြွေလိမ်မြွေကောက်မြစ်ကြောင်းတစ်လျှောက် နှစ်နာရီခွဲလောက်လှေစီးပြီးတဲ့နောက်မှာတော့ ဒေသခံတွေပျော်ပွဲစားထွက်တဲ့ကျောက်ဖျာကြီးဆီကို ကျနော်တို့ရောက်တော့တယ်။ ကျောက်ဖျာကြီးပေါ်မှာ ရွက်ဖျင်တဲတစ်ခုရှိပြီး အထဲမှာအမျိုးသားနှစ်ယောက်အိပ်နေကြတယ်။ ဘေးမှာတော့မီးငြီမ်းနေတဲ့ မီးဖိုတစ်ဖိုရှိပြီး ကြက်မွေးတွေဖြန့်ကြဲနေတယ်။ မနေ့က နှစ်ယောက်သား ကြက်သောက်ဆမ်းနဲ့ ကောင်းထားကြပုံပါပဲ။
မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာမဆို အလွယ်တစ်ကူတွေ့နိုင်တဲ့ plastic waste နဲ့ beer ပုလင်းခွန်တွေဟာ ကျောက်ဖျာရဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးလိုလို ပြည့်နေတာ။ Welcome to ဆိုပြီး ဆေးနီ၊ ဆေးစိမ်းနဲ့ ကျောက်ဖျာပေါ် ရေးထာတဲ့ စာတန်းဟာဆိုရင်လည်း တပိုင်းတစ အရောင်တွေမိန်နေပြီး ဖတ်မရတော့။
ဘာဆက်လုပ်ရမလဲမသိတော့တဲ့ကျနော်ကို လှေဆရာက ကျောက်ဖျာရဲ့အပေါ် တောင်စောင်းမှာနေတဲ့ သူ့အသိမိတ်ဆွေတွေဆီကို သွားတွေ့၊ နူတ်ဆက်ချင်တဲ့အကြောင်းပြောလာတယ်။ ဆိုတော့ ကျနော်လည်း ရတာပေါ့ဗျာဆိုပြီး သူနောက်ကို့ လိုက်ခဲ့တယ်။ ကျောက်ဖျာကနေ ၅မိနစ်လောက် လမ်းလျှောက်ပြီးနောက် မြက်ရိုင်းရှည်တွေကြားထဲမှာရှိတဲ့တေလမ်းလေးကနေ တောင်ပေါ်ကိုတက်ရတာ။
တောင်ပေါ်မှာတော့ မိသားစုနေထိုင်တဲ့ တဲအိမ်လေးတစ်လုံးရှိတယ်။ ပြီးတော့ တောင်စောင်းမှာ ဝါးနဲ့အခိုင်အခန့်ဆောက်ထားတဲ့ ရူခင်းကြည့်ကွတ်ပျစ်လေးနှစ်ခုရှိတယ်။ အဲကနေကြည့်ရင် ကျနော်တို့လာခဲ့တဲ့ကျောက်ဖျာနဲ့ ဖြန့်ဖြူးနေတဲ့သောင်ပြင်တစ်ခုကို မြစ်ရဲ့တစ်ဖက်ကမ်းမှာတွေ့နိုင်တယ်လို့သူကဆိုတယ်။။
အပေါ်ရောက်တော့ မိတ်ဆွေလင်မယားက ကမ်းတစ်ဖက်ကိုရောက်နေတယ်လို့ သူတို့ရဲ့သမီးအငယ်ဆုံးလို့ထင်ရတဲ့ ကလေးမလေးတစ်ယောက်ကပြောတယ်။ ဆိုတော့ ကျနော်တို့လည်း ကမ်းတစ်ဖက်ကို ကူးဖို့ဖြစ်လာတယ်။ ကျယ်ပြန့်တဲ့သောင်ပြင်မှာ ဝါးနဲ့ယာယီဆောက်လက်စ တဲသုံးလုံးရှိတယ်။ လှေဆရာရဲ့ မိတ်ဆွေလင်မယားဟာ ဘယ်ဖက်အစွန်ဆုံးမှာရှိတဲ့ တဲမှာထိုင်နေကြတယ်။ အမျိုးသားက နှီးထိုးနေပြီး၊ အမျိုးသမီးက နှီးထိုးလို့ရနိုင်တဲ့ဝါးတွေကို ဂရုတစိုက်ရှာဖွေစုစည်းနေတယ်။
လှေဆရာနဲ့ကျနော်တို့ တဲထဲဝင်ထိုက်တော့ ရေနွေးကြမ်းနဲ့ဧည့်ခံတယ်။ ချင်းတိုင်းရင်းသားတွေဖြစ်ကြောင်း လှေဆရာကရှင်းပြပြီး ကျနော်ကိုသူတို့နဲ့ မိတ်ဆက်ပေးတယ်။ တဲတွေကတော့ ညအိပ်ပျော်ပွဲစားလာတဲ့ ဒေသခံတွေကိုငှါးစားကြောင်း ကျနော်ကိုထက်ရှင်းပြတယ်။ စစ်မဖြစ်ခင်ကာလက လာလည်သူတွေများတာကြောင့် စီးပွါးရေးအဆင်ပြေကြောင်းနဲ့ အခုတော့ ခက်ခဲစွာရုန်းကန်နေရကြောင်းလည်းပြောပြတယ်။
ကျနော်လည်း သူတို့ပြောတာတွေကို ပြုံးပြီးနားထောင်လိုက်၊ ခေါင်းငြိမ့်ထောက်ခံလိုက်နဲ့ပေါ့။ နောက်သူတို့ အချင်းချင်း ချင်းဘာသာစကားနဲ့ ပြောဆိုကြတော့ ဘာမှာနားမလည်တော့တဲ့ကျနော်လည်း တဲအောက်သောင်ပြင်ပေါ်မှာခင်းထားတဲ့ မြက်ကြမ်းဖျာထက်လှဲအိပ်လိုက်ပါတော့တယ်။
သူတို့ဘာတွေပြောနေကြလဲဆိုတာကို ကျနော်စိတ်မဝင်စားတော့ဘူး။ ကျနော့်အတင်းပြောတာလည်းဖြစ်နိုင်သလို၊ နိုင်ငံရေးအကြောင်း ပြောတာလည်းဖြစ်နိုင်တာပဲ။ ကျနော်သိတာတစ်ခုကတော့ သူတို့စကားသံကိုဖယ်လိုက်ရင် အဲ့နေရာကတော်တော့်ကို တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာပဲ။ လေပွေကြောင့်ဖြစ်ပေါ်လာတဲ့ ရေလှိုင်းသံရယ်၊ ငှက်သံတွေရယ် နားထောင်ပြီး နာရီဝက်လောက် ကျနော်အိပ်ပျော်သွားတယ်ထင်တယ်။
တိတ်ဆိတ်ခြင်းဟာ နိဗ္ဗန်လို့ဆိုရရင် အဲနေ့ကမြို့ပြနဲ့ဝေးတဲ့လေးမြို့သောင်ပြင်မှာ နိဗ္ဗန်ကို ကျနော်ခဏရောက်ခဲ့တယ်လို့ပဲဆိုရေတာ့မယ်။
ခရီးသွား မှတ်စု လေးမြို့မှအပြန် ဟာ အဲ့နေ့ခရီးကပြန်ရောက်ပြီး MRA food centre စားသောက်ဆိုင်မှာ အရက်သောက်ရင်း ကျနော့်ရဲ့နေ့စဉ်မှတ်တန်းမှာချရေးမိတဲ့ အကြောင်းအရာတွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ။