မမြဲခြင်းသဘော
၂၀၀၉ ခုနှစ်ကစပြီး တောက်လျှောက် သုံးလာတဲ့ Facebook Account ဟာ “ဝေလငါးကြီးပဲ ဖြစ်ချင်တော့တယ်ဗျာ” လို့ လူတွေကို ပြောနေခဲ့တဲ့ နေ့မှာ locked ကျသွားတယ်။ အကြောင်းရင်းကလည်း ရှင်းပါတယ်။ Free VPN နဲ့ login တွေ ဝင်နေခဲ့တဲ့အတွက် location တွေဟာ မတူညီနိုင်ဘူးလေ။ Facebook Team က “due to unusual activities on your account and for security reasons” လို့ ပြောတယ်။ Account ကို unlock လုပ်ဖို့ သူတို့ပေးထားတဲ့ နည်းလမ်းက အရင်သုံးခဲ့တဲ့ phone သို့မဟုတ် computer နဲ့ ပြန်ဝင်ဖို့ပါ။ ကျွန်တော်လည်း the same computer နဲ့ browser ကို သုံးပြီး ပြန် login ဝင်တာပဲ။ ဒါပေမဲ့လည်း မရတော့ပါဘူး။
ဒီနှစ်တွေမှာ ဆုံးရှုံးမှုတွေ များလာခဲ့တယ်။ ချစ်ရတဲ့လူတွေ၊ ပစ္စည်းတွေ၊ အိမ်မက်တွေ။ အခုလည်း အမှတ်တရတွေနဲ့ ပြည့်နေတဲ့ social media account တစ်ခု။ ဆုံးရှုံးမှုတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်နေတော့ လူလည်း ထုံလာတယ်။ မခံစားတော့ဘူး။ What is meant to be means to be ပါပဲ။ Facebook visual world ကိုလည်း စိတ်ကုန်လာတော့ I don’t give a heck နဲ့ပဲဖြေသိမ့် လိုက်တော့တယ်။ ဆုံးရှုံးသွားတဲ့ contacts တွေ၊ photos တွေတော့ နှမြောမိ တာပေါ့။
ဒီရက်ပိုင်းမှာ Michael Crichton ရေးထားတဲ့ Jurassic Park (1990) စာအုပ်ကို ဖတ်နေတယ်။ အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။ Dinosaurs ဇတ်အိမ်အကြောင်းထက် သက်ရှိဂေဟစနစ် (Jurassic Theme Park) မအောင်မြင်မဲ့ အကြောင်းကို သင်္ချာပညာရှင် Dr. Ian Malcolm က Chaos, Mandelbrot Set, Linearity theories တွေကို ဥပမာပေးပြီး နိုင်းယဉ်ပြောပြထားတဲ့ အကြောင်းအရာတွေ ဖတ်ရတာပဲ။ ကျနော် နားလည်သလောက်ဆို ဒီသီအိုရီတွေဟာ ကျနော်တို့ရဲ့ နေစဉ်ရှင်သန်မှု ဘဝတွေမှာလည်း လာရောက် ဆက်နွယ်မှုတွေ ရှိတယ်လို့ ထင်တယ်။
ဥပမာ Chaos theory ပေါ့ဗျာ။ အဖျက် သီအိုရီပဲ ဆိုကြပါဆို့။ အရာအားလုံးဟာ နည်းပညာနဲ့ တိကျစွာ ထိန်းချုပ်လို့မရပဲ ရှုပ်ထွေးနေတဲ့ စနစ်တစ်ခုတဲ့။ ဒီလိုပဲ ဘဝကိုလည်း အစွမ်းကုန် အစီအစဉ်တစ်ကျ ဖြစ်အောင် ထိန်းချုပ်ဖို့ ကျနော်တို့ ကြိုးစားလည်း မမြင်နိုင်တဲ့အရာတွေ၊ ကျနော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ အရာတွေကြောင့်ပဲ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် လာတတ်တယ်လေ။ မြန်မာမှုပြုရင် ကံကြမ္မာပေါ့။ ကံကြမ္မာဆိုတဲ့ မသိကိန်းကြီးကြောင့် အစွမ်းကုန်ကြိုးစားထားလည်း အလဲလဲ၊ အကွဲကွဲ၊ အပြိုပြို ဖြစ်တဲ့ သဘောတွေရှိတယ် မဟုတ်လား။
Mandelbrot ရဲ့ fractals သဘောတရားက စိတ်ဝင်စားစရာကောင်းတယ်။ အစိတ်အပိုင်းတွေဟာ ငယ်ကနေကြီး အဆင့်အထိ တူညီတဲ့ ပုံစံတွေ ရှိတယ်လို့ ပြောတာပါ။ အင်္ဂလိပ်လိုဆိုရင် “we find the sameness from the smallest to the largest, and this sameness of scale also occurs for events” လို့ဖြစ်ပါတယ်။
ဒီသီအိုရီအရဆိုရင် ကျွန်တော်တို့ရဲ့ တစ်နေ့ခရီးဟာ ဘဝတစ်လျှောက်နဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။ တစ်နေ့တာအစကို တစ်ခုခုနဲ့ စပြီး နောက်ဆုံးမှာ အခြားတစ်ခုနဲ့ ပြီးသွားတတ်တယ်လေ။ စိတ်ကူးထားတဲ့ အဆုံကို မရောက်နိုင်ဘူး။ နောက်ဆုံးမှာလည်း အရာအားလုံးဟာ အစီအစဉ်မဲ့ သဘောထားနဲ့ အဆုံးသတ်သွားကြတာပဲ။ ကျနော်တို့လည်း ပန်းတိုင်ကို ရောက်အောင်သွားရင် ပန်းတိုင်မရောက်ပဲ သေကြဦးမယ် မဟုတ်လား။
ဘဝဟာ linear မဟုတ်ဘူးဆိုတာ ကျွန်တော် သတိထားမိတာ မကြာသေးဘူး။ ရူပဗေဒနဲ့ သင်္ချာ သင်ဖူးတဲ့ လူတိုင်း straight linear line နဲ့ ရင်းနှီးမယ်။ ဒီတိုက်ရိုက် မျည်းတန်းဟာ တကယ်တော့ ဘဝမှာ မရှိပါဘူး။ ဘဝရဲ့ အဖြစ်အပျက်တွေဟာ အပြန်အလှန် သက်ရောက်မှု မရှိတဲ့ အစီအစဉ်မဲ့ တွေ့ဆုံမှုတွေနဲ့ ပြည့်နေတယ် လို့ထင်တယ်။ တစ်ခုဖြစ်ပြီးရင် နောက်တစ်ခုကို လုံးဝ ခန့်မှန်းလို့ မရပါဘူး။ ကျနော်တို့ အမြဲ တိုင်းနေတဲ့ progress ဟာလည်း linear line ဖြစ်မနေဘူးလေ။ သူလည်း straight line မှမဟုတ်တာ။ ကျနော့်အဖိုး ပြောတာကို သတိရမိတယ်။ Progress is one step forward and two steps backward တဲ့။ တစ်ခါလှမ်းပြီးရင် နှစ်လှမ်းပြန်ဆုတ်လေ့ ရှိတယ်တဲ့။
Everything is moving and changing. In a sense, everything is on the edge of collapse.